တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ ကြောင်သူတော် တစ်ဦးဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေးနဲ့ ပတ်သက်ပြီး လီရဲ့ မှတ်ချက်တချို့ကို မကျေနပ်တဲ့အတွက် မြောက်ကိုရီးယားက အခုလို ထိုးနှက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လီဟာ ဇွန်လမှာ တောင်ကိုရီးယား သမ္မတ ဖြစ်လာချိန် ကတည်းက မြောက်ပိုင်းမှာရှိတဲ့ ပြိုင်ဘက် နိုင်ငံနဲ့ ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်လာအောင် အားထုတ်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
ပြီးတော့ သူက တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြားမှာ စစ်ရေးအရ ယုံကြည်မှု တည်ဆောက်သွားလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာတော့ မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ ပြန်လည် သင့်မြတ်ဖို့ လုံးဝ စိတ်မဝင်စားဘူးလို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်ဆီ အလည်အပတ် ခရီးစဉ် ရောက်ရှိနေခဲ့တဲ့ လီဟာ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနဆီ သွားရောက် လည်ပတ်ချိန်မှာ တောင်ကိုရီးယား-အမေရိကန် ဆက်ဆံရေးကို နိုင်ငံတကာ အတိုင်းအတာတွေထိ ဖြန့်ကျက်ဖို့ ရည်ရွယ်ထားကြောင်း၊ ဒါဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေး ရည်မှန်းချက်တွေအတွက် မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ကြောင်း လီက ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ မြောက်ကိုရီးယားကတော့ လီက သူဟာ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို သေချာပေါက် ပြန်လည် တည်ဆောက်နိုင်မယ့် ပုံစံမျိုးတွေ ပြောဆိုနေပြီး မြောက်ကိုရီးယားကို အများအထင်လွဲအောင် ကြုံဆောင်နေတာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို ကြည့်ရုံနဲ့ လီဟာ ကြောင်သူတော် ဆန်လွန်းတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက စွပ်စွဲသွားခဲ့ပါတယ်။
လီပြောဆိုခဲ့တဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆိုတာဟာ လေထဲမှာ အိမ်ဆောက်သလို အိပ်မက်တစ်ခု အဆင့်ထက် မပိုနိုင်ဘူးလို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။ နောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် အသက်သွင်းလိုစိတ် မရှိတဲ့ ရပ်တည်ချက်ကနေ မြောက်ကိုရီးယားက သွေဖယ် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း KCNAက ရေးသားထားပါတယ်။
လီဟာ အမေရိကန် ခရီးစဉ် အတောအတွင်း သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့လည်း တွေ့ဆုံခဲ့ပြီး ကိုရီးယား နှစ်နိုင်ငံခြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ကူညီ ညှိနှိုင်းပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါသေးတယ်။
ကိုးကား: AFP












































