အိန္ဒိယဖက်က ဆည်ရေဖောက်ချမှုတွေကြောင့် ပါကစ္စတန်မှာ အခက်အခဲတွေကြုံပြီး လူတစ်သိန်းကျော်လောက် ပြောင်းရွှေ့ခဲ့ရပါတယ်။
အိန္ဒိယဟာ ရေပြည့်လျှံလာတဲ့ ဆည်တချို့ကို ရေတွေ ဖောက်ချခဲ့ရာက ပါကစ္စတန်ဖက်က မြေနိမ့်ဧရိယာတွေ ရေလွှမ်းကုန်တာ ဖြစ်တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ဩဂုတ် ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ဆက်ဆံရေး ခါးသီး တင်းမာမှုတွေ ရှိနေပြီး မကြာသေးခင် လပိုင်းတွေအတွင်း သံတမန် အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၅ ရက်နေ့မှာတော့ အိန္ဒိယက ပါကစ္စတန်ကို ဆက်သွယ်ပြီး လိုအပ်လာရင် ရေတွေဖောက်ချနိုင်ကြောင်းနဲ့ ပါကစ္စတန်ဖက်မှာ ရေကြီးတာတွေ ကြုံလာနိုင်ကြောင်း ကြိုတင် အသိပေးခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အိန္ဒိယက ဆည်တွေထဲက ရေထု ပမာဏ အများအပြားကို ဖောက်ချခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန် အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA)က ပန်ဂျပ် ပြည်နယ်ထဲက တာဝန်ရှိသူတွေဆီ ရေလွှမ်းမိုးမှု ကြုံနိုင်ခြေ သတိပေးချက်တွေ ပေးပို့ခဲ့ပြီး အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်စေခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement
အရေးပေါ် ပြောင်းရွှေ့ရတဲ့ထဲမှာ ပန်ဂျပ်ပြည်နယ်ထဲက ကာဆူ ခရိုင်မှာရှိတဲ့ လူပေါင်း ၁၄၀၀၀ ကျော်နဲ့ အိန္ဒိယ နယ်စပ်နားမှာ ကပ်လျက် တည်ရှိရာ ဘာဟာဝေါ်လ်နာဂါမြို့ထဲက လူပေါင်း ၈၉၀၀၀ လောက် ပါဝင်ခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန် အပါအဝင် အာရှတောင်ပိုင်း နိုင်ငံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းသည်းထန်ထန် နေ့စဉ်ရက်ဆက် ရွာသွန်းတဲ့ အခြေအနေတွေကို ကြုံနေရပါတယ်။
ပါကစ္စတန် အနောက်မြောက်ပိုင်းမှာတော့ ရာသီဥတုဆိုင်ရာ အရေးပေါ် ကြိုတင် သတိပေးချက်တွေကို အာဏာပိုင်တွေက မထုတ်ပြန်တဲ့အပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ အဲဒီ ဒေသမှာရှိတဲ့ ဘွန်နာခရိုင်မှာ ရုတ်တရက် ရေကြီးမှုတွေကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်နေ့နောက်ပိုင်း ပါကစ္စတန် နိုင်ငံမှာ မိုးသည်းထန်မှု နောက်ဆက်တွဲ ရေကြီးမှုတွေ၊ မြေပြိုမှုတွေကြောင့် အသေအပျောက် ဦးရေ ၈၀၀ ကျော်လွန်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
ကိုးကား: AP












































