စစ်တပ်ရဲ့ ထိပ်ပိုင်း အရာရှိတွေကိုယ်တိုင် ရှုပ်ထွေး ပါဝင်နေတဲ့ လက်နက်မှောင်ခိုဂိုဏ်း တစ်ခုရဲ့ အဖွဲ့သားတွေကို ဖမ်းမိခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
ဆိုဟော်လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးဟာ နိုင်ငံတောင်ပိုင်းမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အဲဒီ ဒုစရိုက်အဖွဲ့ကို ထိထိရောက်ရောက် ထိုးနှက်နိုင်ခဲ့တယ်လို့ မလေးရှား အဂတိတိုက်ဖျက်ရေး အရာရှိတွေက ပြောပါတယ်။ စစ်ဆင်ရေးကို အဂတိ တိုက်ဖျက်ရေး ကော်မရှင်နဲ့ ထောက်လှမ်းရေး ဌာနတွေရဲ့ အထူးတပ်ဖွဲ့တွေ ပူးပေါင်း အကောင်အထည် ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
ဩဂုတ် ၁၃ ရက်နေ့ မနက်အစောပိုင်းက ကလန်တောင်ကြားမှာ ဆက်တိုက် လုပ်ဆောင်တဲ့ စီးနင်းမှုတွေအတွင်း စစ်တပ်ရဲ့ ထိပ်ပိုင်း အရာရှိ ၅ ဦး၊ ပြီးတော့ အင်ဒိုနီးရှား နိုင်ငံသား ၁ ဦး အပါအဝင် အသက် ၃၀ နဲ့ ၅၅ နှစ်ကြားအရွယ် အရပ်သား ၅ ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ အရာရှိတွေဟာ မလေးရှားစစ်တပ်ရဲ့ ထောက်လှမ်းရေး ယူနစ်ထဲကဖြစ်ကြပြီး ၂ ဦးကတော့ အငြိမ်းစား ယူထားသူတွေပါ။ ပုံမှန်ဆိုရင် သူတို့ရဲ့ တာဝန်ဟာ မှောင်ခိုမှုတွေကို ဖော်ထုတ် တားဆီးရမှာ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လက်နက်မှောင်ခို ဂိုဏ်းနဲ့ ပူးပေါင်း အလုပ်လုပ်ခဲ့တာလို့ ယုံကြည်ရပါတယ်။

Public Service Announcement
မှောင်ခိုလမ်းကြောင်းတစ်ခု လွတ်သွားအောင် ညှိနှိုင်းပေးတိုင်း အဲဒီ အရာရှိတွေဟာ ရင်းဂစ် ၃ သောင်းကနေ ၅ သောင်းထိ ရလေ့ရှိပြီး စုစုပေါင်း ရင်းဂစ်ငွေ ၃ သန်းလောက်ထိ လက်ခံရရှိထားပြီးပြီလို့ ယူဆရကြောင်း အဂတိ တိုက်ဖျက်ရေး အရာရှိတွေက ပြောပါတယ်။ ရင်းဂစ် ၃ သန်းဆိုတာ အမေရိကန်ဒေါ်လာ ၇၁၂၀၀၀ လောက်နဲ့ ညီမျှပါတယ်။
ဆိုဟော် စစ်ဆင်ရေးကိုတော့ တစ်နှစ်လောက် အချိန်ယူ ပြင်ဆင် ထောက်လှမ်းမှုတွေ ပြုလုပ်ပြီးမှ အကောင်အထည် ဖော်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ကွန်ရက်ဟာ ကြီးမားပြီး ဖွဲ့စည်းပုံ ရှုပ်ထွေးတာကြောင့် အပြီးတိုင် ဖြိုဖျက်နိုင်ဖို့ အများကြီး ခက်ခဲခဲ့တယ်လို့ အဂတိ တိုက်ဖျက်ရေး ကော်မရှင်ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စီးနင်းမှုတွေအတွင်း မှန်ကန်တိကျတဲ့ စာရွက်စာတမ်းတွေ ရှိမနေတဲ့ အင်ဒိုနီးရှား အမျိုးသမီး တစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ အမှုမှာ ပါဝင်ပတ်သက်တဲ့ စစ်တပ် အရာရှိ တစ်ယောက်ရဲ့ အငယ်အနှောင်းလို့ ယူဆရပါတယ်။
လက်ရှိ ဖမ်းဆီးရမိထားသူ အားလုံးကို ပူထရာဂျာယာခရိုင် တရားရုံးမှာ ဩဂုတ် ၁၄ ရက်နေ့ကျရင် ရုံးထုတ်ပြီး ရမန်ယူ ဆက်လက်ချုပ်နှောင်ထားမယ်လို့ သိရပါတယ်။
ကိုးကား: The Star












































