close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရေး ပဋိပက္ခကြောင့် အိန္ဒိယရော၊ ပါကစ္စတန်မှာပါ သေဆုံးစာရင်း မြင့်တက်လာ

နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခကြောင့် အိန္ဒိယရော၊ ပါကစ္စတန်ဖက်မှာပါ ထိခိုက်သေဆုံးမှုတွေက မြင့်တက်လာကြောင်း သိရပါတယ်။

Reuters

နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခကြောင့် အိန္ဒိယရော၊ ပါကစ္စတန်ဖက်မှာပါ ထိခိုက်သေဆုံးမှုတွေက မြင့်တက်လာကြောင်း သိရပါတယ်။

နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေရာ ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ အပိုင်းမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားတဲ့ အကြမ်းဖက် ပစ်ခတ်မှု တစ်ခုအတွင်း ခရီးသွားဧည့်သည် ၂၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ မေလ ၇ ရက် မနက်ပိုင်းမှာ အိန္ဒိယဟာ နယ်စပ်ဖြတ်ကျော်ပြီး ပါကစ္စတန် ပိုင်နက်ထဲကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဧပြီ ၂၂ ရက်နေ့က ပစ်ခတ်မှု နောက်ကွယ်မှာ ပါကစ္စတန် အစိုးရ ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ကတော့ အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။

မေလ ၇ ရက် မနက်ပိုင်းမှာ အိန္ဒိယဟာ ကက်ရှ်မီးယားရဲ့ ပါကစ္စတန် ထိန်းချုပ်ထားရာ အစိတ်အပိုင်းတွေအပြင် ပါကစ္စတန် ပိုင်နက်ထဲကိုပါ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဆင်ဒူးစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ အဲဒီ တိုက်ခိုက်မှုဟာ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ စခန်းတွေကို ချေမှုန်းခဲ့တာလို့ အိန္ဒိယ စစ်တပ်က ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန်ကတော့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ စစ်ကြေညာမှုမြောက်တယ်လို့ စွပ်စွဲပြီး လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားပါတယ်။ ပြီးတော့ အစ္စရေး တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ကြေညာထားပြီး အိန္ဒိယကတော့ အဲဒီကိစ္စကို အတည်မပြုပါဘူး။

အစောပိုင်းမှာ အိန္ဒိယရဲ့ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်က ကြေညာထားပေမယ့် ညနေပိုင်းမှာတော့ အသေအပျောက် ဦးရေကို ၃၁ ယောက်လို့ ပြောင်းလဲ ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးစာရင်းမှာ အမျိုးသမီးတွေနဲ့ ကလေးတစ်ဦး ပါဝင်ခဲ့တယ်လို့လည်း ပါကစ္စတန်က ဆိုပါတယ်။ ပြီးတော့ အိန္ဒိယ စွပ်စွဲသလိုမျိုး တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ မဟုတ်ဘူးလို့လည်း ပါကစ္စတန်က ပြောကြားထားပါတယ်။

အိန္ဒိယကလည်း ပါကစ္စတန်ရဲ့ လက်နက်ကြီး တုံ့ပြန် ပစ်ခတ်မှုတွေကြောင့် အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသထဲမှာ အရပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ အစောပိုင်းက အိန္ဒိယဟာ အသေအပျောက် စာရင်းကို ၃ ဦးလို့ပဲ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ အပြီးမှာတော့ နှစ်ဖက်ကြားမှာ အခြေအနေက ပြန်လည် ငြိမ်သက်နေပြီး နောက်ဆက်တွဲ ဘယ်လို အပြောင်းအလဲတွေ ရှိလာမလဲ ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန် ဒူဂျာရစ်ကတော့ အလုံးစုံ စစ်ပွဲကြီး အဆင့်ထိ ရောက်ရှိမသွားအောင် အိန္ဒိယရော၊ ပါကစ္စတန်ပါ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ဂူတာရက်စ်က တိုက်တွန်း တောင်းဆိုထားကြောင်း မေလ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗလီတွေပါ ပစ်မှတ်ထား ခံခဲ့ရတယ်လို့ ပါကစ္စတန်က စွပ်စွဲခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဟာ စစ်ကြေညာလိုက်တဲ့ လုပ်ရပ်အဖြစ် ယူဆကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သီတင်းပတ်တွေ အတော်ကြာအောင် နှစ်ဖက်ဆက်ဆံရေး တင်းမာနေခဲ့တဲ့နောက် အိန္ဒိယဟာ ပါကစ္စတန် ပိုင်နက်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် တုံ့ပြန်ပေးကြဖို့ ကုလသမဂ္ဂ အကြီးအကဲက ပါကစ္စတန်နဲ့ အိန္ဒိယတို့ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Facebook