close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ပျံသန်းခဲ့မှုကို တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားပြော

ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ အမေရိကန်ရဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အင်အားပြ ပျံသန်းခဲ့တာကို လိုအပ်သလို တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

AP

ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ အမေရိကန်ရဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အင်အားပြ ပျံသန်းခဲ့တာကို လိုအပ်သလို တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၇ ရက်နေ့က မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာတော့ ဘယ်လို အစီအမံတွေနဲ့ တုံ့ပြန်မလဲ ဆိုတာကို အသေးစိတ် ဖော်ပြမထားပါဘူး။

အမေရိကန်ရဲ့ တာဝေးပျံသန်းနိုင်တဲ့ B-1B ဗုံးကြဲ လေယာဉ်ကြီးတွေဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက တောင်ကိုရီးယား တိုက်လေယာဉ်တွေ ခြံရံပြီး စစ်ရေးလေ့ကျင့် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မဟာမိတ် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမျိုးကို မြောက်ကိုရီးယားက ခါးသီးတဲ့ သဘောထားရှိပြီး မြောက်ကိုရီးယားအပေါ် ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်ဆင်တဲ့ လုပ်ရပ်မျိုးလို့ စွပ်စွဲလေ့ ရှိပါတယ်။

အမေရိကန်ရဲ့ B-1B ဗုံးကြဲလေယာဉ်ကြီးတွေ တောင်ကိုရီးယားမှာ ပျံသန်းခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို တားဆီးရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည် မြှင့်တင်ဖို့ အတွက်သာ ရည်ရွယ်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အရာရှိ တစ်ယောက်ကတော့ အခုသီတင်းပတ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဟာ ကျူးကျော်စစ်အတွက် ကြိုတင်ပြင်ဆင်မှုလို့ ယူဆနိုင်ပြီး မြောက်ကိုရီးယားရဲ့လုံခြုံရေးအပေါ် အကြီးအကျယ် ရန်စ ထိပါးမှုလို့ သတ်မှတ်ကြောင်း ပြောကြားသွားပါတယ်။

ဒေသတွင်းမှာ အမေရိကန်ရဲ့ အင်အားသုံး ရန်လို ခြိမ်းခြောက်မှုတွေကို အပြီးတိုင် ရပ်တန့်ပစ်ဖို့ထိ ရည်ရွယ်ပြီး မြောက်ကိုရီးယားဟာ လိုအပ်တဲ့ အစီအမံတွေနဲ့ တုံ့ပြန်သွားမယ်လို့လည်း မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အရင်ကလည်း အမေရိကန်ရဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ တောင်ကိုရီးယားမှာ ပျံသန်းတဲ့အခါ မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေ ပြုလုပ်ပြပြီး တုံ့ပြန်ခဲ့ပါတယ်။ B-1Bလို ဗုံးကြဲလေယာဉ်တွေဟာ ခဲယမ်းမီးကျောက် စစ်လက်နက် အမြောက်အမြားကို တင်ဆောင်ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ B-1Bတွေမှာ မဟာဗျူဟာ နျူကလီးယား လက်နက်တွေတော့ တပ်ဆင်နိုင်စွမ်း မရှိပါဘူး။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီး တောင်ကိုရီးယားမှာလည်း ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာမယ့် အခြေအနေကြောင့် အမေရိကန်-တောင်ကိုရီးယား-မြောက်ကိုရီးယား သုံးပွင့်ဆိုင် ဆက်ဆံရေး အနာဂတ်ဟာ ခန့်မှန်းရ ခက်ခဲနေဆဲပါ။ ထရမ့်ကတော့ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းက အဆင်မပြေခဲ့တဲ့ မြောက်ကိုရီးယား အစိုးရနဲ့ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးမှုမျိုးကို ပြန်လည် စတင်နိုင်ဖို့ လိုလားကြောင်း ပြောဆိုထားခဲ့ဖူးပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား ရေတပ် ပိုင်ဆိုင်ဖူးသမျှ အကြီးမားဆုံး စစ်သင်္ဘောကြီး တည်ဆောက်မှုဟာ အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေတယ်လို့ ယုံကြည်ရပါတယ်။

နိုင်ငံတကာ

ခြောက်နှစ်တာအတွင်း နိုင်ငံတကာ မာရသွန် ပြိုင်ပွဲတစ်ခုကို မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ်ထဲမှာ မြောက်ကိုရီးယားဟာ ရုရှားကို ကူညီဖို့ စစ်သား ၃၀၀၀ လောက် စေလွှတ်ပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်ဟာ ဉာဏ်ရည်တု (AI) နည်းပညာသုံး ဖောက်ခွဲရေး ဒရုန်းတွေ စမ်းသပ်မှုကို ကိုယ်တိုင် ကြီးမှူးခဲ့ကြောင်း အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

Facebook