close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်ကို အိန္ဒိယက လေကြောင်းတိုက်ခိုက်မှုတွေ စတင်၊ ပါကစ္စတန်က လက်နက်ကြီးတွေနဲ့ တုံ့ပြန်

သီတင်းပတ်တွေ အတော်ကြာအောင် နှစ်ဖက်ဆက်ဆံရေး တင်းမာနေခဲ့တဲ့နောက် အိန္ဒိယဟာ ပါကစ္စတန် ပိုင်နက်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

X

သီတင်းပတ်တွေ အတော်ကြာအောင် နှစ်ဖက်ဆက်ဆံရေး တင်းမာနေခဲ့တဲ့နောက် အိန္ဒိယဟာ ပါကစ္စတန် ပိုင်နက်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

မေလ ၇ ရက် မနက်ပိုင်းက ပါကစ္စတန်မှာရှိတဲ့ နေရာ ၉ ခုကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီနေရာ အားလုံးဟာ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ စစ်စခန်းတွေဖြစ်ပြီး အရပ်သား ဧရိယာတွေ မပါဝင်ကြောင်း အိန္ဒိယက ကြေညာခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ ထုတ်ပြန်ချက်မှာတော့ ကက်ရှ်မီးယား ဒေသရဲ့ ပါကစ္စတန် ထိန်းချုပ်ထားရာ အပိုင်းနဲ့ ပန်ဂျပ်ပြည်နယ်ထဲမှာ အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ပြီး နေရာ ၅ ခု ထိမှန်ခဲ့ကြောင်း ပြောပါတယ်။ ပြီးတော့ အခု တိုက်ခိုက်မှုတွေအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့လည်း ပါကစ္စတန်က ဆိုပါတယ်။

AFP

ဧပြီ ၂၂ ရက်နေ့တုန်းက ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာဖက်ခြမ်းမှာ ခရီးသွား ဧည့်သည်တွေကို ပစ်မှတ်ထားခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်မှု တစ်ခုမှာ အိန္ဒိယ နိုင်ငံသား အများစု အပါအဝင် ၂၆ ဦး သေဆုံးခဲ့တဲ့နောက်ပိုင်း အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေးဟာ အနိမ့်ပါးဆုံး အဆင့်ကို ရောက်ရှိခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ရှိနေတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ကတော့ ယတိပြတ် ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် အိန္ဒိယ စစ်တပ်က တရားမျှတမှုကို ပြန်ယူခဲ့ပြီလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ပါကစ္စတန်ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်နဲ့အညီ အိန္ဒိယ တိုက်လေယာဉ် ၅ စီးနဲ့ ဒရုန်း ၁ စီးကို ပစ်ချခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ပစ်ချခံရတဲ့ တိုက်လေယာဉ်တွေဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး စာရင်းဝင် Rafaleတွေလို့ ပါကစ္စတန်က ကြွေးကြော်ထားပြီး အဲဒီအချက်ကို သီးခြား အတည်မပြုနိုင်သေးပါဘူး။ Rafaleတွေဟာ ပြင်သစ်ရဲ့ ကာကွယ်ရေး နည်းပညာ လုပ်ငန်းစု Dassaultက ထုတ်လုပ်တဲ့ ဘက်စုံသုံး ထိပ်တန်း တိုက်လေယာဉ်တွေ ဖြစ်ပြီး အိန္ဒိယ လေတပ်က ၃၆ စီး ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် ပါကစ္စတန်ဟာ ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ထားရာ အပိုင်းကို လက်နက်ကြီးတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးတွေ အပါအဝင် ၈ ဦးသေပြီး ၃၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်က ထုတ်ပြန်ထားပြီး အိန္ဒိယကတော့ ပါကစ္စတန်ရဲ့ လက်နက်ကြီးဒဏ်ကြောင့် ကက်ရှ်မီးယားမှာ ၃ ဦး သေခဲ့တယ်လို့ ကြေညာထားပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံသားတွေဟာ နှစ်နိုင်ငံကြား အပြန်အလှန် တိုက်ခိုက်မှုတွေ စတင်နေပြီဆိုတဲ့ သတင်းနဲ့အတူ အထိတ်တလန့် နိုးထလာခဲ့ကြရပါတယ်။ အာရှတောင်ပိုင်း ဒေသက နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံကြား ဖြစ်ပွားဖူးတဲ့ စစ်ပွဲ ၄ ကြိမ်မှာ အပြင်းထန်ဆုံးလို့ သတ်မှတ်နိုင်တဲ့ ၁၉၇၁ စစ်ပွဲနောက်ပိုင်း အခုတစ်ကြိမ်ဟာ အိန္ဒိယက ပါကစ္စတန် ပိုင်နက်ထဲ အနက်ရှိုင်းဆုံး ဝင်ရောက် တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

စစ်ရေး ပဋိပက္ခ စတင်လာတဲ့နောက် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေဟာ အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်တဝိုက် ပျံသန်းမှုတွေကနေ အရေးပေါ် လမ်းကြောင်းပြောင်းလဲ ကုန်ကြတယ်လို့လည်း သိရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ပါကစ္စတန်မှာ အိန္ဒိယက စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာကို စိတ်ပျက်မိကြောင်း ဝေဖန်ခဲ့ပြီး အမြန်ဆုံး အဆုံးသတ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အာရှတောင်ပိုင်းက ပဋိပက္ခအသစ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုင်ငံတကာက လက်ခံထားတဲ့ နယ်စပ်မျဉ်းကိုကျော်ပြီး ပါကစ္စတန် ပိုင်နက်ဖက်မှာ အိန္ဒိယ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အထူးတလည် စိုးရိမ်မိကြောင်း ကြေညာခဲ့ပါတယ်။ ဂူတာရက်စ်ဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းကြဖို့ နှစ်ဖက်စလုံးကို တောင်းဆိုခဲ့ပေမယ့် အဲဒီတိုက်တွန်းချက်အပြီး ၂ ရက်လောက် အကြာမှာပဲ အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗလီတွေပါ ပစ်မှတ်ထား ခံခဲ့ရတယ်လို့ ပါကစ္စတန်က စွပ်စွဲခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဟာ စစ်ကြေညာလိုက်တဲ့ လုပ်ရပ်အဖြစ် ယူဆကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် တုံ့ပြန်ပေးကြဖို့ ကုလသမဂ္ဂ အကြီးအကဲက ပါကစ္စတန်နဲ့ အိန္ဒိယတို့ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကက်ရှ်မီးယား တိုက်ခိုက်မှု ကျူးလွန်ခဲ့သူတွေ၊ နောက်ကွယ်က ကြိုးကိုင်သူတွေ အားလုံးဟာ တရားစီရင်ခြင်း ခံရစေမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

Facebook