မေ ၇၊၂၀၂၅။ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းချိန်က စတင်၍ ယနေ့အထိ ထောက်ပံ့စရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂၄ဒသမ ၉သန်းခန့် သုံးစွဲခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(မေ ၇ရက်) သတင်းထုတ်ပြန်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်းတွင် ဖွဲစည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့(၃၀၀) ကျော်ကို ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၉၀) ရာခိုင်နှုန်းဖြစ်သည့် ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပိုတပ် (PRF) အစီအစဉ်၏ (၃၄) လတာအတွင်း ကောက်ခံရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နုတ်သုံးစွဲခဲ့ဟု အသိပေးသည်။
PDF တပ်ရင်းများကို ထောက်ပံ့မှု ၂၇ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၇ ကြိမ်မြောက် ထောင်ပံ့မှုတွင် တပ်ရင်းအားလုံးအတွက် ထောက်ပံ့စရိတ်အဖြစ် ခန့်မှန်း အမေရိကန်ဒေါ်လာ ၉ သိန်းခန့် သုံးစွဲခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement
PRF အစီအစဉ်ကို ၂၀၂၁ ဒီဇင်ဘာကစတင်ခဲ့ခြင်းဖြစ်ပြီး PRFစတင်သည့် အချိန်မှ ယနေ့တိုင် တာဝန်တစ်ခုအနေဖြင့် ထမ်းဆောင်ခဲ့ကြသူ တစ်ဦးချင်းစီတိုင်းကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြသည်။
တော်လှန်ရေး၏ အရေးကြီးသည့် ကာလအပိုင်းအခြားသို ရောက်ရှိနေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း ပြည်သူ့တော်လှန်ရေးထောက်ပိုတပ် (PRF) နှင့်တကွ အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် တတ်အားသရွေ့ပါဝင်ကြပါရန် အထူး တိုက်တွန်းကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်သည်။
PDF ရဲဘော်များအနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပြည်သူလူထုများ၏ ထောက်ခံ ပါဝင်မှုကြောင့် မပူမပင် တိုက်ပွဲ ဝင်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အင်းတော် မြို့သိမ်းတိုက်ပွဲကို ဥပမာပေး ပြောသည်။
“စစ်ကောင်စီတပ်သားတွေ ထမင်းတလုပ်အတွက် ကြောင့်ကြနေရချိန်မှာ PDF ရဲဘော်တွေ စိတ်ဖြောင့်ဖြောင့် မပူမပင် တိုက်ပွဲဝင်နိုင်ဖို့ ချက်ပြုတ်ချွေးမွေးရေးတာဝန်ကို ပြည်သူတွေက ထမ်းရွက်ပေးခဲ့ကြတာဖြစ်တယ်။ ပြည်သူ့ထောက်ခံပါဝင်မှုနဲ့ အတူ PDF၊ ပကဖ ၊ ပအဖ၊ ပလဖ နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ စစ်ဆင်ရေးတာဝန်ကို လက်တွဲညီညီ ထမ်းခဲ့ကြတာ ဒီအောင်ပွဲက စံနမူနာကောင်းဖြစ်တယ်”ဟု ဝန်ကြီးဦးရည်မွန်က အင်းတော်မြို့တိုက်ပွဲအတွင်း ပြည်သူများတက်နိုင်သည့် ဘက်ကပါဝင်ခဲ့ကြမှုအပေါ် ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းတပ်ဖွဲ့များအတွက် တပ်ရင်းထောက်ပံ့စရိတ်များ လစဉ် ကုန်ကျလျက်ရှိရာ ထောက်ပံ့ငွေ ၂၄သန်းကျော်၏ ၉၀ ရာခိုင်နှုန်း မှာ PRF၌ လစဉ် ထောက်ပံ့နေသည့် ပြည်သူလူထု၏ အားဖြစ်ရာ များစွာ အရေးကြီးသည့် ထည့်ဝင်ပါဝင်မှုဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ PRF အဖွဲ့ဝင်များ၏ လစဉ်မပြတ် ထည့်ဝင်မှုအပေါ်များစွာ ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။
“PRF မန်ဘာတွေကနေ ဒီတပ်ရင်းထောက်ပံ့စရိတ်တွေကို ရာနှုန်းပြည့်သာ ပေးနိုင်မယ်ဆိုရင်တော့ အခြားလက်နက်တပ်ဆင်တဲ့ကိစ္စတွေ အီကွေ့မန့် ဖြည့်ဆည်းတဲ့ကိစ္စတွေ တိုက်ပွဲဖော်ဆောင်တဲ့ကိစ္စတွေ ခဲယမ်းမီးကြောက် ကိစ္စတွေမှာ ပိုပြီးတော့ သုံးစွဲနိုင်မယ့် အခြေအနေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ PRF မန်ဘာတွေလည်း ဒီထက်ပိုပြီးများအောင် လက်ရှိလည်း တော်လှန်ရေးက တော်တော်လေး အရေးကြီးတဲ့ အချိန် ရောက်လာတော့ ဒီ PRF မန်ဘာတွေ ပိုများပြီး ပုံမှန်ထည့်ဝင်တဲ့သူတွေ ပိုများတယ်ဆိုရင် PDFတွေအတွက် အခြားသော တိုက်ပွဲအတွက် အရေးကြီးတဲ့ စရိတ်စကတွေမှာ မျှပြီး သုံးနိုင်မယ့် အခြေအနေဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောပြီး PRF အစီအစဉ်တွင် ပြည်သူများ ထပ်မံ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည်။
●အမှားပြင်ဆင်ချက် – ကနဦး သတင်းဖော်ပြမှုတွင် တပ်ရင်း တစ်ရင်းစီအတွက် ဒေါ်လာ ၉ သိန်းခန့်သုံးစွဲဟုမှားယွင်းဖော်ပြခဲ့ပါသည်။ ယင်းအစား ၂၇ ကြိမ်မြောက်ထောက်ပံ့မှုတွင် တပ်ရင်းအားလုံးအတွက် ဒေါ်လာ ၉ သိန်းခန့်ထောက်ပံ့ဟု ပြင်ဆင်သိမှတ်ပေးပါရန် ။
