People’s Spring
ရုရှား အစိုးရ မီဒီယာက မော်စကို မြို့တော်မှာ အာဆတ် ရောက်ရှိနေတဲ့ အကြောင်းကို ဖော်ပြခဲ့ပြီး သူဟာ ရုရှားမှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိမှြ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဆတ်ဟာ ၂၀၁၁ က စတင်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ နိုင်ငံအနှံ့က တော်လှန်ရေး အင်အားစုတွေအပေါ် ရုရှား၊ အီရန်တို့ရဲ့ စစ်ရေး အကူအညီနဲ့အတူ အသာစီးယူ ချိုးနှိမ်ထားနိုင်ခဲ့ပေမယ့် နိုဝင်ဘာ လဆန်းမှာ ရုတ်တရက် အစပြုလာတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်မှာ အငိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားမှာ တော်လှန်ရေး အင်အားစုတွေ စုပေါင်း စစ်ဆင်တိုက်ခိုက်တဲ့ စစ်ဆင်ရေး စတင်ပြီး ၂ ပတ်မပြည့်ခင်မှာတင် ဒမတ်စကက် မြို့တော်ကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာတော့ အာဆတ်ဟာ လေကြောင်းကနေ ထွက်ပြေးသွားခဲ့ပြီး အဲဒီနောက် တော်လှန်ရေး တပ်တွေလည်း ဒမတ်စကက်ကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ တော်လှန်ရေး အင်အားစုတွေက ဆီးရီးယားဟာ အာဆတ်ရဲ့ လွှမ်းမိုးမှု ကင်းစင်တဲ့နယ်မြေ ဖြစ်လာပြီလို့ ကြေညာခဲ့ပါတယ်။
အစောပိုင်းက အာဆတ်ဟာ ဘယ်ကို ထွက်ပြေးသွားတယ် ဆိုတာကို ကွဲကွဲပြားပြား မသိရပေမယ့် လာတာကီရာမှာ ရှိနေတဲ့ ရုရှား လေတပ်စခန်း တစ်ခုကနေ မော်စကိုဆီ ဦးတည် ပျံသန်းထွက်ခွာသွားတယ်လို့ ယုံကြည်ရပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူဟာ အာဆတ် ဘယ်ရောက်နေသလဲ ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် ရရှိထားတဲ့ အချက်အလက်တွေအရ မော်စကိုမှာ ဖြစ်နိုင်တယ်လို့ပဲ မှတ်ချက်ပေးထားပါတယ်။
အာဆတ်အစိုးရ ပြုတ်ကျသွားတာဟာ ဆီးရီးယားရဲ့ အခြေခံ အကျဆုံး တရားမျှတမှုကို ရယူနိုင်ခဲ့တာ ဖြစ်ကြောင်း၊ ကာလရှည်ကြာ ထိခိုက်ခံစားခဲ့ရတဲ့ ဆီူရီးယား ပြည်သူတွေအတွက် ပိုမိုကောင်းမွန်ပြီး ဂုဏ်ယူရတဲ့ အနာဂတ် နိုင်ငံတော်ကို တည်ဆောက်ဖို့ သမိုင်းဝင် အခွင့်အလမ်း တစ်ခုလည်း ဖြစ်လာကြောင်း ဘိုင်ဒန်က ဆိုပါတယ်။
ဒါပေမဲ့လည်း လေ့လာသူတွေကတော့ အာဆတ် အစိုးရ ပြုတ်ကျပြီးတဲ့နောက်ပိုင်း ဆီးရီးယားကို ဘယ်လိုအစိုးရမျိုး အုပ်ချုပ်မလဲ ဆိုတာက အနာဂတ် ဝေဝါးနေဆဲဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေကြား အာဏာလွန်ဆွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့တုန်းက ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အာဆတ်အနေနဲ့ ဆီးရီးယား သမ္မတ အဖြစ်က နုတ်ထွက်ပြီး နိုင်ငံကို စွန့်ခွာသွားတယ်လို့ အတည်ပြုခဲ့ပေမယ့် မော်စကိုဆီ လာရောက်နေတယ်လို့တော့ မပြောခဲ့ပါဘူး။
လောလောဆယ်ထိတော့ အာဆတ်ဆီက ဘာသဘောထားမှတ်ချက်ပေး ကြေညာမှုမှ ထွက်မလာသေးပါဘူး။ အာဆတ်ရဲ့ မဟာမိတ် ရုရှားအစိုးရဟာ ဆီးရီးယား တော်လှန်ရေး တပ်တွေဆီ အပူတပြင်း ဆက်သွယ်ပြီး ဆီးရီးယား အခြေစိုက် ရုရှား စစ်စခန်းတွေနဲ့ သံတမန်ရေး အဆောက်အအုံတွေရဲ့ လုံခြုံရေး အာမခံချက် ရရှိနိုင်ဖို့ ကြိုးစားနေပါတယ်။
ရုရှားစစ်တပ်ဟာ တော်လှန်ရေး တပ်တွေကို အာဆတ်ရဲ့ ဆီးရီးယား လေတပ်နဲ့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဗုံးမိုးရွာခဲ့ဖူးပါတယ်။
၂၀၁၁ တုန်းက စတင်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်ဟာ ၂၀၁၅ ခုနှစ်မှာ ရုရှားက အာဆတ်ဖက်က အတိအလင်း ဝင်ကူခဲ့တဲ့ အချိန်ကစလို့ လားရာ သိသိသာသာ ပြောင်းသွားပြီး အစိုးရ တပ်တွေ အသာစီး ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်ပွဲအရေးကြောင့် ရုရှားရဲ့ အာရုံဟာ ဆီးရီးယားအပေါ်မှာ အားလျော့သွားတဲ့ အခြေအနေက တော်လှန်ရေး တပ်တွေကို အခွင့်အလမ်းကောင်းတွေ ရရှိသွားစေခဲ့ကြောင်း စစ်ရေး သုတေသီတွေက ဆိုပါတယ်။
ဖခင်ဖြစ်သူ လက်ထက်ကစလို့ ဆီးရီးယားအပေါ် ရာစုနှစ်ဝက်လောက် ဖိနှိပ် အုပ်ချုပ်လာတဲ့ အာဆတ် မိသားစုကို နိုင်ငံအနှံ့ ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေက ဆန့်ကျင်ကြရာက ဆီးရီးယား ပြည်တွင်းစစ် စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အင်အားကြီး နိုင်ငံတွေရဲ့ ဆက်နွှယ်ပါဝင်မှုတွေပါ ရှိလာခဲ့တာပါ။ ဆီးရီးယား စစ်ပွဲကြောင့် အရပ်သား အများအပြား အပါအဝင် လူ ၆ သိန်းဝန်းကျင်လောက် သေဆုံးခဲ့ပြီး လူ ၇ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
ကိုးကား: Al Jazeera
ဓာတ်ပုံ – Getty Image (ပုံဟောင်း)
