ကမ္မဋ္ဌာန်းတရား ပွားများ အားထုတ်မှုမှာ လူသား ရုပ်အလောင်းတွေကို အသုံးပြုနေတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ ထိုင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ဖီချစ်ပြည်နယ်ထဲမှာရှိတဲ့ ပါနက်ခွန် ချိုင်ဘိုဗွန် ဘုန်းတော်ကြီးကျောင်းမှာ ရုပ်အလောင်း ၄၁ ခုကို နိုဝင်ဘာ ၂၃ ရက်က ရှာဖွေတွေ့ရှိခဲ့တဲ့နောက် စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း နောက်တစ်နေ့မှာ ဒေသခံ ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက ပြောပါတယ်။
အလောင်းတွေ အားလုံးနဲ့အတူ သေမှုသေခင်း အတည်ပြုချက်တွေ၊ ခန္ဓာကိုယ် လှူဒါန်းမှု သဘောတူညီချက် စာရွက်စာတမ်းတွေ စုံစုံလင်လင် ရှိနေခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီ အလောင်းတွေကို ကမ္မဋ္ဌာန်းရှုရာမှာ အသုံးပြုတယ်လို့ ယူဆကြောင်းနဲ့ လက်ရှိ အချိန်ထိ အမှုဖွင့် အရေးယူတာမျိုး မရှိသေးကြောင်းလည်း ရဲအရာရှိက မှတ်ချက် ပေးသွားပါတယ်။
လောလောဆယ်မှာ ရဲတွေဟာ သေဆုံးသူတွေရဲ့ မိဘဆွေမျိုး မိသားစုတွေဆီ ဆက်သွယ်ပြီး အမှန်တကယ် ကြည်ကြည်ဖြူဖြူ လှူဒါန်းခဲ့တဲ့ အလောင်းတွေ ဟုတ်မဟုတ် ဆိုတာကို စုံစမ်းနေပါတယ်။

Public Service Announcement
ဘုန်းကြီးကျောင်းထဲမှာ တွေ့သမျှ အလောင်းတွေ အကုန်လုံးထဲမှာ ခိုးယူခံရလို့၊ မိသားစု ဆန္ဒမပါဘဲ ရောက်နေတာ တစ်ခုမှ မပါစေချင်ဘူးလို့လည်း နာမည် မဖော်ချင်တဲ့ အဲဒီ ရဲအရာရှိက ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အိမ်နီးချင်း ကမ်ဖာအန်ဖက် ပြည်နယ်ထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာလည်း အလားတူ ရုပ်အလောင်း ၁၂ ခု ရှာတွေ့ခဲ့ဖူးပါတယ်။
ဖီချစ်ပြည်နယ်ထဲက ဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင် ဆရာတော် ဖရာ အဂျန်ဆိုင်ဖွန် ဖန်ဒီတိုကတော့ အဲဒီ အလောင်းတွေကို ကမ္မဋ္ဌာန်းတရား စီးဖြန်းပွားများမှု နည်းစနစ် တစ်ခုအတွက် အသုံးပြုတာလို့ ထိုင်းရဲ့ PBS သတင်းဌာနကို မိန့်ကြား ရှင်းပြခဲ့ပါတယ်။
သူ့ရဲ့ ဘုန်းကြီးကျောင်းမှာ တခြားကျောင်းတွေရဲ့ ကျောင်းထိုင်တွေ၊ ဘုန်းတော်ကြီးတွေလည်း လာရောက်ပြီး ကမ္မဋ္ဌာန်း ရှုမှုတ်ပွားများမှု နည်းနာကို လာရောက် မှတ်သား သင်ယူကြကြောင်း၊ အဲဒီ နည်းစနစ်ကို အသုံးပြုနေတဲ့ ဘုန်းတော်ကြီး ဘယ်လောက်များများ ရှိသလဲ ဆိုတာကိုတော့ မသိကြောင်းလည်း ဆက်လက် မိန့်ကြားခဲ့ပါတယ်။
ပြည်နယ် ရဲတပ်ဖွဲ့က အခုကိစ္စနဲ့ ပတ်သက်လို့ သီးခြားမှတ်ချက် မပေးသေးပေမယ့် ဒီလို နည်းစနစ်မျိုး ကျင့်သုံးပြီး တရားရှုမှတ်မှုတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသလဲ ဆိုတာကို သက်ဆိုင်ရာ ဌာနတွေနဲ့ ချိတ်ဆက်ပြီး စုံစမ်းသွားမယ်လို့ ပြောကြားထားပါတယ်။
ကိုးကား: PBS
