ဇန်နဝါရီ-၂၈၊ ၂၀၂၆ မေရီ/People’s Spring
မန္တလေးမြို့၊ ၇၃ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရုံးရှေ့ရလမ်းအတွင်း ဝင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနဲ့ ငုရွှေဝါလမ်းကြားမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၁၈ရက်က ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စစ်တပ်၊ ရဲတွေနဲ့ လုံခြုံရေးပိုချထားခဲ့ပြီး ၎င်းရုံးရှေ့လမ်းကို ဆိုင်ကယ်ဖြတ်သန်းလာခွင့်ပါ ပိတ်ထားခဲ့ပါတယ်။
ယခုအခါ ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်ထားတာကို မသိဘဲ ဝင်လာတဲ့ဆိုင်ကယ်တွေကို တရုတ်သံရုံးလုံခြုံရေး စစ်အုပ်စုဝင်တွေက နေ့စဥ် ဖမ်းဆီးကာ ကျပ်သိန်းချီတောင်းပြီး ငွေညှစ်နေကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“ ငါးသောင်းပေးလိုက်ရတယ်။ ဒါတောင် စာကပ်တာမြင်လို့တန်းကွေ့တာ။ အဲဒါတာကို ဝီစီမှုတ်လှမ်းခေါ်တောင်းတာ။ အတော်ကိုငတ်နေကြတာ” လို့ တရုတ်သံရုံးက စစ်အုပ်စုရဲ့ငွေညှစ်ခြင်းကို ခံလိုက်ရတဲ့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ငွေမပါရင်လည်း ဆိုင်ကယ်တွေ သိမ်းဆည်းလိုက်တာ၊ ပါလာတဲ့ပစ္စည်းကအစ ဒဏ်ကြေးအဖြစ် သိမ်းယူထားတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဖမ်းဆီးခံရဖူးတဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“ ကျနော့တုန်းက Shark တစ်ကတ်ပေးလိုက်ရတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။
တရုတ်စစ်ကောင်စစ်ဝန်ရုံးနဲ့တောင်ဘက်မှာ မင်္ဂလာမန္တလေး စျေးဝယ်စင်တာတည်ရှိတာကြောင့် ရုံးမြောက်ဘက် သိပ္ပံလမ်းဘက်ကနေ လမ်းပိတ်ထားတာကိုမသိဘဲ ဝင်လာမိတဲ့ ဆိုင်ကယ်တွေဟာ နေ့စဥ် ဖမ်းဆီးငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။
မန္တလေးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့စဥ် အဖွဲ့ ၁၀ဖွဲ့ထက်မနည်း ဆိုင်ကယ်တွေကို လှည့်လည်စစ်ဆေးနေပြီး ဖုန်းတွေကိုပါစစ်ကာ ငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
















































