ဇန်နဝါရီ-၂၈၊၂၀၂၆။အိမ်သွင်/ People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်အနီး တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်း ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။
စစ်သုံ့ပန်း၂ဦးကို ဇန်နဝါရီ ၂၆ ရက်တိုက်ပွဲမှာ ဖမ်းမိတာဖြစ်ပြီး ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ ဒဏ်ရာပြင်းတော့ စိတ်ချရတဲ့အနေအထားမှာတော့ ရှိမနေဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။

Public Service Announcement
စစ်တပ်စစ်ကြောင်းဟာ သစ်ဖုလတောင်နဲ့ (၆)မိုင်ခန့်အကွာက ကျောက်တန်းကျေးရွာမှာ တပ်စွဲထားပြီးဇန်နဝါရီ၂၇ရက်မှာ Y-8လေယာဉ်နဲ့ စစ်ကူထပ်ပို့ခဲ့ပါတယ်။
“ ကျောက်တန်းရွာနားမှာလည်းတိုက်ပွဲဖြစ်တယ်။ အဲ့ဒီကို အဓိက စစ်ကူပို့နေတာ။ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လေထီးနဲ့ ချတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကောလင်းမြို့နယ်ကိုဝင်လာတဲ့စစ်တပ်စစ်ကြောင်းဟာ အင်အား ၂၀၀ခန့်ရှိပြီး ဝန်းသိုမြို့ထဲကခမရ(၁၀၁)နဲ့ခမရ(၁၂၀) တပ်ရင်းကနေဇန်နဝါရီ ၁၆ ရက်က ထွက်လာခဲ့တာပါ။
အဲ့ဒီနေ့က ဝန်းသိုမြို့နယ်၊ညောင်ပင်သာရွာနဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းက ချဉ်ပစ်ခုံကျေးရွာဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေများပြားသလို PDFအချို့လည်းကျဆုံးခဲ့ပါတယ်။
စစ်ကြောင်းက မြေပြင်မှာရှိနေစဉ် စစ်ကောင်စီတပ်က ကောလင်းမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲတာတွေပြုလုပ်နေပါတယ်။ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတဲ့အပြင် အသေခံဗုံးနဲ့ပါ ကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာမှာကောလင်းမြို့နယ် ကစစ်ကောင်စီတပ်စခန်းတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို ကောလင်းနဲ့ဝန်းသိုမြို့နယ်ကြားက သစ်ဖုလစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းယူပြီးနယ်မြေစိုးမိုးမှုယူခဲ့ပါတယ်။
လက်ရှိစစ်ကောင်စီတပ် စစ်ကြောင်းဟာ သစ်ဖုလတောင်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ရှောင်နေကြရပြီး ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။
















































