ဇန်နဝါရီ-၂၈။၂၀၂၆။ဇော်ဝင်း /People’s Spring
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ပထမဆုံးအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ဒုတိယဥက္ကဌ အပါအဝင် အထွေထွေအတွင်းရေးမှူး၊အတွင်းရေးမှူးတွေနဲ့ဗဟိုအလုပ်မှုဆောင်တွေကို ရွေးချယ်ခဲ့တယ်လို့ ဒီကနေ့(ဇန်နဝါရီ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။
KNPPရဲ့ ဒုတိယဥက္ကဌနေရာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ခူးထဲဘူးကို ရွေးချယ်ခဲ့တယ်လို့ အသိပေးပါတယ်။
အရင်က အတွင်းရေးမှူး(၂)ဖြစ်ခဲ့တဲ့ ဦးအောင်ဆန်းမြင့်က အထွေထွေအတွင်းရေးမှူး ဖြစ်လာပြီး အတွင်းရေးမှူး(၁)နေရာကို ရဲဘော်ပလူးရယ် နဲ့အတွင်းရေးမှူး(၂)နေရာအတွက် ရဲဘော်နဲနယ်ပလိုးက တာဝန်ယူမယ်လို့ ဆိုပါတယ်။

Public Service Announcement

KNPP ရဲ့ ပထမဆုံးအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးကို မနေ့က(ဇန်နဝါရီ ၂၇ရက်)က ပြုလုပ်ခဲ့တာဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ခြောက်ဦးကို ရွေးချယ်တာနဲ့ ပါတီဗဟိုရေးရာကော်မတီတွေကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လေးနှစ်တစ်ကြိမ်လုပ်တဲ့ ပါတီကွန်ကရက်ကိုလည်း ၁၅ ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၉ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့ကာ ပါတီဗဟိုဌာန ချုပ် ရဲ့လေးနှစ်တာလုပ်ငန်းအစီရင်ခံစာနဲ့ ကရင်နီပြည်အစိုးရရဲ့ လေးနှစ်တာလုပ်ငန်းဆောင် ရွက်မှုတွေ သုံးသပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KNPP ရဲ့အခြေခံမူလမ်းစဥ် နဲ့ ဖွဲ့စည်းပုံဥပဒေ၊ကရင်နီပြည် အစိုးရရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံနည်းဥပဒေတို့ကိုလည်း ပါတီကွန်ကရက်မှာ တင်သွင်းအတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
KNPPရဲ့ အခြေခံမူလမ်းစဥ် နဲ့ ဖွဲ့စည်းပုံပါ ဥပဒေသတ်မှတ်ပြဌာန်းချက်အရ အမြဲတမ်းဗဟိုကော်မတီဝင် လေးဦးကို ပါတီ ကွန်ကရက်ကအတည်ပြုခဲ့ပြီး မဲကော်မရှင်အဖွဲ့က ရွေးချယ် တင်မြှောက်ပွဲ ပြုလုပ်ပြီး ပါတီဥက္ကဌအဖြစ် ခူဦးရယ်၊ ပါတီဗဟိုကော်မတီဝင် ၁၅ ဦး နဲ့ အရံပါတီ ဗဟိုကော်မတီဝင် ၁၂ဦးကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
အခုတစ်ကြိမ်ကွန်ကရက်သက်တမ်းအတွက် ရွေး ချယ်မှုတွေမှာ အမျိုးသမီးနဲ့လူငယ်တွေ ပိုမိုပါဝင်လာပြီး ဗဟိုကော်မတီဝင် ၃၀ဦးထဲမှာ ရှစ်ဦးက အမျိုးသမီးတွေ ဖြစ်ကာ ငါးဦးက ၃၅ နှစ်အောက်လူငယ်တွေလို့ အသိပေးပါတယ်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေးဆိုတဲ့ (Bottom up Federalism)ချဥ်းကပ်မှုနဲ့ ခုခံတော်လှန်ရေးရဲ့ ပန်းတိုင်ဖြစ်တဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းမယ်လို့လည်း ထုတ်ပြန်စာမှာ ပါရှိပါတယ်။
ကရင်နီပြည်နယ်ရဲ့သီးခြားလွတ်လပ်မှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးကို ၁၉၄၈က စတင်ခဲ့ပြီး နိုင်ငံရေး အရ ဦးဆောင်မှုပေးနိုင်ဖို့ KNPP ၁၉၅၇ မေလ ၂ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကရင်နီတပ်မတော်(KA)ဟာ KNPPရဲ့ တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘူးလို့ ကန့်ကွက်ခဲ့ပြီးနောက် ဒေသတွင်း အသစ်ထွက်ပေါ်လာတဲ့ ကရင်နီတော်လှန်ရေးတပ်တွေကို စစ်သင်တန်းပေးတာ နဲ့ ပူးတွဲ စစ်ဆင်ရေးတွေ ရှိနေပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ဧပြီလမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို KNPP က ဖွဲ့စည်းခဲ့ပါတယ်။
KSCC ကနေပြီး ပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးတွေ ကို အကောင် အထည်ဖော်နေပါတယ်။လက်ရှိ ကရင်နီပြည်နယ်ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC)ဟာ KSCCက အကောင်အထည်ဖော်ထားတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်ပါတယ်။
















































