စစ်ရေးလေ့ကျင့်မယ်လို့ အမေရိကန် ကြေညာ
ဇန်နဝါရီ-၂၈၊၂၀၂၆။People’s Spring
အီရန်နဲ့ တင်းမာမှုတွေ ရှိနေချိန် အရှေ့အလယ်ပိုင်း ဒေသမှာ စစ်ရေးလေ့ကျင့်မယ်လို့ အမေရိကန် စစ်တပ်က အတည်ပြု ကြေညာခဲ့ပါတယ်။

ရက်တချို့ ကြာမြင့်မယ့်လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေဟာ အမေရိကန် လေသူရဲတွေ အနေနဲ့ တောင်းဆိုမှု ပြင်းထန်တဲ့ အခြေအနေ အသီးသီးမှာ ထိထိရောက်ရောက်၊ အန္တရာယ်ကင်းကင်း၊ ပြီးတော့ မိတ်ဖက် နိုင်ငံတွေနဲ့ တွဲဖက်ပြီး အမြင့်ဆုံး စွမ်းဆောင်နိုင်တယ်ဆိုတာ သေချာစေဖို့ ရည်ရွယ်ကြောင်း အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဒါရတ်ခ် ဖရန့်စ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
အမေရိကန်ဟာအီရန်တဝိုက်မှာတပ်အင်အားတွေ တိုးမြှင့် ဖြန့်ကျက်နေသလို လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်ကိုပါ အရှေ့အလယ်ပိုင်း ဒေသဆီ ပို့ဆောင်ထားတဲ့နောက်အခုလိုစစ်ရေးလေ့ကျင့်မယ့်ကိစ္စကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အီရန်မှာအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းလို့ လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့တဲ့နောက် ဆန္ဒပြသူတွေကို ကာကွယ်ဖို့အတွက် အမေရိကန်က စစ်ရေးအရ စွက်ဖက်နိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် သတိပေးထားပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား စစ်ရေးတင်းမာနေချိန်အခုသီတင်းပတ်အစောပိုင်းမှာ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်ကလည်း အရှေ့အလယ်ပိုင်း ဒေသရဲ့ အိန္ဒိယ သမုဒ္ဒရာ ရေပြင်ဆီ ရောက်လာခဲ့ပါတယ်။
ထရမ့်ကတော့အီရန်ကိုစစ်ရေးအရသေချာပေါက်တိုက်ခိုက်မယ်လို့ ပြောမထားပေမယ့် ဘယ်ရွေးချယ်မှုအတွက်မဆို မဆုံးဖြတ်သေးခင် အခြေအနေကို စောင့်ကြည့်နေဦးမယ်လို့ပြောထားပါတယ်။
အမေရိကန်ရဲ့သင်္ဘောတွေအများကြီးဟာ လိုအပ်လာတဲ့ အခြေအနေတိုင်းကို ကိုင်တွယ်ဖို့အတွက် အဲဒီ ဒေသဆီ ဦးတည်နေကြောင်း၊ အခြေအနေ တစ်ခုခု ကြီးကြီးမားမား ပြောင်းလဲသွားမယ်လို့တော့ သူမယူဆကြောင်း၊ ဒါပေမဲ့လည်း အခြေအနေကိုတော့ နီးနီးကပ်ကပ် ဆက်ပြီး စောင့်ကြည့်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်က ပြောဆိုထားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ စစ်ရေးလေ့ကျင့်မယ့်အကြောင်း CENTCOMရဲ့ ထုတ်ပြန်ချက်မှာတော့ နေရာ၊ ကြာမြင့်မယ့်အချိန်၊ ဘယ်လို စစ်လက်နက်တွေ အသုံးပြုမလဲဆိုတဲ့ အချက်အလက်တွေကို ဘာမှ ထည့်ပြောမထားခဲ့ပါဘူး။ ဒါပေမဲ့ ဒေသတွင်းမဟာမိတ်နိုင်ငံတွေရဲ့လေတပ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိနိုင်တယ်လို့တော့ ဖော်ပြထားပါတယ်။
ဒေသတွင်းအမေရိကန်မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီ အာရေးဘီးယားနဲ့ ယူအေအီးတို့က အီရန်ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး တစ်ခုခုအတွက် နိုင်ငံလေပိုင်နက်ကိုအသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း ကြေညာထားပါတယ်။ ဒါ့အပြင် အမေရိကန် လေတပ်စခန်း တစ်ခုကို ပြည်တွင်းမှာ အခြေစိုက်ခွင့် ပြုထားတဲ့ ယူအေအီးက အဲဒီ စစ်ရေးလှုပ်ရှားမှုမျိုးမှာ သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး အကူအညီတွေကိုလည်း ပေးမှာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ကိုးကား: CNN
ဓါတ်ပုံ- US Navy ၊AFP
















































