ဇန်နဝါရီ-၂၈၊၂၀၂၆။တေဇ/People’s Spring
စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖယ်ရှားနေတဲ့ Facebookက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့် ၂၇၀ကို ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice For Myanmar(JFM)က ထုတ်ပြန်ပါတယ်။
ဒီတစ်ကြိမ်ဖယ်ရှားလိုက်တဲ့ အကောင့်အများစုက စစ်ကောင်စီခေါင်းဆောင်ရဲ့ မိသားစုရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မိုင်တဲလ်ထုတ်ကုန် နဲ့ဝန်ဆောင်မှုကို ရောင်းချနေတာတွေဖြစ်ပြီး စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ်(MEHL) တို့ရဲ့ကုမ္ပဏီခွဲတွေနဲ့ ဆက်စပ်အကောင့်တွေပါဝင်တယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။
“ တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနှင့် ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီးနှင့် Indoor Skydiving တို့နှင့်ဆက်စပ်အကောင့်များလည်း ပါဝင်သည်။” လို့ JFMက ဆိုပါတယ်။

Public Service Announcement
အဲဒီ့အကောင့်တွေအပြင် စစ်ကောင်စီ ဝါဒဖြန့်အကောင့်တွေဖြစ်တဲ့ A Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့လည်းပါဝင်တယ်လို့ သိရပါတယ်။
“ အဆိုပါအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့်အကောင့်များ ဖြစ်သည်။” လို့ JFM ကထောက်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့အကောင့်တွေကို ဖယ်ရှားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်ကြားခဲ့တာလို့ JFM ကအသိပေးထားပါတယ်။
အွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Alphabet၊ Apple၊ TikTok နဲ့ Telegram တို့အနေနဲ့လည်း စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေကို ချက်ချင်းပိတ်ပေးဖို့ JFM က တောင်းဆိုထားပါတယ်။
ဇန်နဝါရီလဆန်းကလည်း Facebook အနေနဲ့ စစ်ကောင်စီရဲ့ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ မိုင်တဲလ်ကုမ္ပဏီနဲ့ပတ်သက်တဲ့ အကောင့်ပေါင်း ၁၀၀၀ကျော်ကို ဖယ်ရှားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း စစ်ကောင်စီရဲ့ဝါဒဖြန့် အကောင့်တွေကို Facebook ၊ Youtube ၊ Twitch ၊Twitter (X)၊ Media Fire ၊ Kick စတဲ့ နည်းပညာကုမ္ပဏီတွေကဖယ်ရှားမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
















































