ဇန်နဝါရီ-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းတော်လှန်ရေးအင်အားစုတွေ ချင်းဆိုတဲ့ အမည်အောက်မှာ အားလုံးစုစည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက် ဇန်နဝါရီ ၂၄ရက် မနက်က ပြုလုပ်တဲ့ ချင်းညီနောင်ရဲ့ ရန်ပုံငွေ ရှာဖွေမှု အစီအစဉ်မှာ ချင်းတော်လှန်ရေးအင်အားစုတွေ စုစည်းနိုင်ဖို့ လိုအပ်ကြောင်းအခြေအနေကို အခုလို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ချင်းညီနောင်အနေ(CB)နဲ့ နိုင်ငံရေးအရ အပြောင်းအလဲ လုပ်ဆောင်ခဲ့တာမှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ကာ ICNCC/CB စနစ်တကျ စုဖွဲ့နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းပြောပြပါတယ်။ ဒါ့အပြင် ၂၀၂၁ မတိုင်ခင်ကတည်းက ချင်းတွေ တစုတစည်းတည်း မသွားနိုင်သေးတာဟာ ၂၀၂၁ တော်လှန်ရေး နောက်ပိုင်းမှာလည်းမြို့နယ် ဒေသအလိုက်၊ လူမျိုးနွယ်စုအလိုက်ကွဲပြားမှုတွေ ရှိနေသေးတယ်လို့ ပြောပြပါတယ်။

Public Service Announcement
“၂၀၂၁ တော်လှန်ရေး ပေါ်လာတဲ့အချိန်မှာဆိုရင်လည်း ကျနော်တို့ ချင်းက မြို့နယ်အလိုက်သော်လည်းကောင်း လူမျိုးနွယ်စု အလိုက် CDF ဆိုတဲ့ နာမည်တွေ တပ်ကြပြီးတော့ တော်လှန်ရေးကို လုပ်ခဲ့ကြတယ်။ ချင်းဆိုတဲ့ နာမည်တခုအောက်မှာ အားလုံးက စုစည်းတဲ့ဟာ မရှိဘူး” လို့ ဆလိုင်းတင်မီက ပြောပါတယ်။ အရင်က CDF အပါအဝင် ချင်းတပ်တွေ အားလုံး CJDC ဆိုတဲ့ စုဖွဲ့မှုနဲ့ အတူတကွ သွားနိုင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်လာဘဲ ချင်းပြည်ကောင်စီ၊ ချင်းညီနောင်/ICNCC အနေအထားတွေ ပေါ်လာတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသစွဲတွေ မျိုးနွယ်စွဲတွေမရှိဘဲ ချင်းဆိုတဲ့ တခုတည်းအောက် သွားနိုင်ဖို့ နည်းလမ်းရှာသွားမှာဖြစ်ပြီး လက်ရှိ ချင်းတောင်ပိုင်းမှာရှိတဲ့ ချင်းညီနောင် အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်တော်(CPU/CPA) အဖြစ် စုစည်းနိုင်မှု ရှိခဲ့ကြောင်း ပြောပါတယ်။
“လေးဖွဲ့လောက် ရှိတဲ့ဟာကို မြို့နယ် သုံးမြို့နယ်လောက်ရှိတဲ့ဟာကို တစုတစည်း တည်းနဲ့ ပြန်ပြီးတော့ စုဖွဲ့ပြီးတော့ အသံလေးသံလောက်ရှိတဲ့ဟာကို တသံတည်းဖြစ်အောင် လုပ်တာပေါ့။ ဆိုတော့ ကျနော်တို့ CB အဖွဲ့ဝင်ဖြစ်တဲ့ CNO/CNDF အနေနဲ့ကလည်း ကြိုဆိုတယ်။ ကျနော်တို့ကလည်း တဖြည်းဖြည်းချင်းနဲ့ ကျနော်တို့ တစုတစည်းတည်း အောက်မှာ သွားနိုင်ဖို့ရန်အတွက် ကျနော်တို့ အဖွဲ့ကလည်း ကြိုးစားမှာ ဖြစ်တယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။
ချင်းဆိုတဲ့ အမည်တခုတည်းအောက် တစုတစည်းတည်း သွားနိုင်ဖို့ လိုအပ်ကြောင်းလည်း ဆလိုင်းတင်မီက ထပ်လောင်းပြောကြားပါတယ်။
CPU/CPA ဒုဥက္ကဋ္ဌ (၃) ဆလိုင်းအောင်မင်းကလည်း အဖွဲ့အစည်းမှာ ပါဝင်သူတွေဟာ ကိုယ့်ရဲ့ နိုင်ငံရေး လောဘ အတ္တတွေကို ဘေးဖယ်ထားပြီး ပြည်သူနဲ့ အဖွဲ့အစည်းကောင်းရာ ကောင်းကျိုးကို ဦးစားပေး ဖွဲ့စည်းထားတာဖြစ်လို့ CPU/CPAဟာ ပြန်ပြိုကွဲမယ့်အဖွဲ့အစည်း မဟုတ်ဘူးဆိုတာ ပြည်သူတွေ ယုံကြည်စေချင်ကြောင်း ပြောပါတယ်။
“ဒီထက် အင်အားကောင်းတဲ့ ပြည်သူကို လုံခြုံမှု ပေးနိုင်မယ့် အဖွဲ့အစည်းပဲ ဖြစ်လာလိမ့်မယ်။ ဖြစ်ကို ဖြစ်လာမှာ ဖြစ်တယ်။ အဲဒီအတွက်လည်း ပြည်သူတွေ ဆက်လက်ပြီးမှ ယုံယုံကြည်ကြည်နဲ့ အားပေးကြပါ ထောက်ပံ့ပေးကြပါ” လို့ ဆလိုင်းအောင်မင်းက ပြောပါတယ်။
အဲဒီကနေ တဆင့် ချင်းတမျိုးသားလုံးအတွက် အားကိုးထိုက်တဲ့ အဖွဲ့အစည်း ဖြစ်လာဖို့ အခြေခံကအစ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော်သွားမှာဖြစ်ကြော်း ဆလိုင်း အောင်မင်းက ပြောပါတယ်။
CPU/CPAဟာ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ CDF ဒိုင်တို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစပါတယ်။

















































