ဇန်နဝါရီ-၂၃၊၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)လည်း ပါဝင်လျက်ရှိတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။
ဗန်းမော်တိုက်ပွဲမှာ CNA ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းသတင်းဌာနအချို့က ဖော်ပြလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဗန်းမော်စစ်ဆင်ရေးမှာ CNA တပ် ဖွဲ့ ပါဝင်မှုကို အတည်ပြုပေးတာ ဖြစ်ပြီး အသေးစိတ်အခြေအနေကိုတော့ ပြောပြတာ မရှိသေးပါဘူး။
CNA ရဲဘော် တစ်ဦး ဖြစ်တဲ့ ဆလိုင်း Han Kho Thawng ဟာ ဇန်နဝါရီ ၂၂ရက် ဗန်းမော်မြို့တိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
KIAဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၂၄ ဒီဇင်ဘာက စတင်ပြီး မြို့သိမ်း စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာ တနှစ်ကျော်ကြာတဲ့အထိတိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။အခုနှစ် ဇန်နဝါရီ လလယ်မှာ ဗန်းမော်မြို့မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်နိုင်ဖို့ KIA ပူးပေါင်းတပ်က စစ်ရှိန်မြှင့်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်း
အထန်ခုခံနေတာဖြစ်ပါတယ်။
CNA ပါဝင်တဲ့ ချင်းပြည်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီထိုးစစ်ကိုလည်း ချင်းညီနောင်အဖွဲ့ဝင် တွေနဲ့အတူ ပူးပေါင်းခုခံတိုက်ခိုက်လျက်ရှိရာ ၂၀၂၅ နှစ်ကုန်ပိုင်းကနေ အခု ဇန်နဝါရီလအထိ ဖလမ်း၊ တီးတိန်၊ စစ်ကိုင်းတိုင်း ကလေးနဲ့ ဂန့်ဂေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

















































