ဇန်နဝါရီ – ၂၁ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊နနွင်းတော်ဘိုးရွာမှာစစ်ရှောင် အမျိုး သားလေးဦး ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်)မနက်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းက နနွင်းတောဘိုးရွာအနီးက တောကို တောနင်းနေချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။
မနေ့ (ဇန်နဝါရီလ ၂၀ ရက်) မှာ နနွင်းတော်ဘိုးရွာမှာ စစ်ကောင်စီတပ် နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေတိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရွာအနီးတော ထဲကို စစ်ကောင်စီတပ်က တောနင်းတာပြုလုပ်ခဲ့တာပါ။

Public Service Announcement
“ဒီဘက်က(တော်လှန်ရေး) ပြည်သူထိမှန်စိုး ဆုတ်ပေးလိုက်ရတယ်”လို့ နွားထိုးကြီးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ စစ်ရှောင်လေးဦးကတော့ကိုဝင်းစိုး၊ ကိုကျော်စွာဝင်း၊ ကိုဖိုးနီ၊ ကိုနိုင်လင်းစိုးတို့ဖြစ်ပါတယ်။ တောထဲမှာ ရှောင်နေတဲ့အခြားစစ်ရှောင်တွေလည်း ဖမ်းခံရတယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
နနွင်းတော်ဘိုးကျေးရွာက အိမ်ခြေတစ်ထောင်နီးပါးရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ လတ်တလောမှာစစ်ကောင်စီတပ်စစ်ကြောင်းရှိနေတာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်ဟာနယ်မြေစိုးမိုးရေးအတွက်အင်အားသုံးပြီး နွားထိုးကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာပါ ။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ မေလအတွင်း နွားထိုးကြီး ၊ မြင်းခြံ ၊တောင်သာ နဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေးအဖြစ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ် အငိုက်မိပြီးအထိနာခဲ့ဖူးပါတယ်။

















































