ဇန်နဝါရီ-၂၁၊ ၂၀၂၆။ ဟန်နွေ/People’s Spring
ချင်းပြည်နယ် ဖလမ်းမြို့နယ် တိုက်ပွဲအတွင်း ချင်းပြည်ကောင်စီ(CC) ကာကွယ်ရေးတပ်ဖွဲ့ ဝင်အချို့ ကျဆုံးခဲ့ကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက အတည်ပြုပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပြောပါတယ်။
ချင်းပြည်ကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဇိုဖေ နဲ့ CDF-မတူပီ တပ်ဖွဲ့တွေက တိုက်ပွဲမှာ ရဲဘော်ကျဆုံးသတင်း ထုတ်ပြန်တဲ့အပေါ် အခုလို ရှင်းပြတာဖြစ်ပါတယ်။
“ ကျတာကတော့ ၁၈ရက်နေ့ တိုက်ပွဲမှာ ဖလမ်းနယ်ထဲမှာ ရှိတဲ့ ဆွမ်ဟရန် ကျေးရွာအနီး တိုက်ပွဲဖြစ်တာပါ။ ဝေဘူလဘက်က တက်လာတဲ့ စစ်ကောင်စီတွေဆွမ်ဟ်ရန်.ရွာအနီးမှာရှိတော့ ထိတွေ့မှုရှိတော့ ၁၈ရက်နေ့မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေဖြစ်ပါတယ်။ စကစ ဘက်ကလည်း သေဆုံးတာရှိပါတယ်။ သူတို့ဘက်ကတော့ အတိအကျတော့ မသိသေးဘူး ဘယ်လောက်ကျလဲဆိုတာတော့ ကျတာ ဒဏ်ရာရတာတော့ တော်တော်များတယ်” လို့ နိုင်ဂျွန်ကိမ်းက ပြောပါတယ်။

Public Service Announcement
CDF ဇိုဖေ တပ်ရင်း(၁)က အသက်(၂၁)နှစ်အရွယ် ရဲဘော် ဆလိုင်းဘွေဘိခ်ထောင်းဟာ ဇန်နဝါရီ ၁၈ရက် ကလေးမြို့နဲ့ ဖလမ်းမြို့အကြား တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပြီး CDF မတူပီ တပ်ရင်း(၆) ရဲဘော် ဆလိုင်းဇိုရမ်းဟာလည်း ဖလမ်းမြို့နယ်ဆွမ်ဟရန်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ဖလမ်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေကို ချင်းပူးပေါင်းတပ်က သိမ်းရတာ၊ စစ်ကောင်စီတပ်က ထွက်ပြေးပြီးချင်းတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်လာတာတွေလည်း ရှိပါတယ်။
စစ်ကောင်စီက ဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်လာလို့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်လျက်ရှိရာ ၂၀၂၅ နိုဝင်ဘာလဆန်းကနေ အခုထိ တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ် စတဲ့ ချင်းမြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ လက်ရှိမှာ စစ်ကောင်စီဟာ ကလေးဘက်ကနေ ချင်းမြောက်ပိုင်းဘက်ကိုစစ်အင်အားတွေ ထပ်မံ ဖြည့်တင်းထားပါတယ်။ မနေ့က ဇန်န၀ါရီ ၂၀ ရက်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ယာဉ်တန်းတွေ ကလေးကနေ ချင်းပြည်ဘက်ကို ဝင်ရောက်လာတာဖြစ်ပါတယ်။
















































