ဇန်နဝါရီ-၂၁၊၂၀၂၆။ သုည/People’s Spring
တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်မှာ ရွေးကောက်ပွဲ ကို ဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံဝန်ထမ်းတွေက ပြောပါတယ်။
“တလောက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ကြို့ပင်ကောက်မှာ မဲရုံတွေကို မလာရဲကြတော့ဘူး။ ဒါ့ကြောင့် စစ်တပ်က ဝန်ထမ်းတွေကို ကြိုတင်မဲပေးရမယ် ဆိုပြီး ဖိအားပေး ခြိမ်းခြောက်နေပါတယ်။ အဓိက စည်ပင်ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သက်ဆိုင်ရာ လူကြီးတွေက ခေါ်ပြီး ကြိုတင်မဲပေးခိုင်းထားတယ်လို့ သိရပါတယ်။ ခုလာမယ့် ဇန်နဝါရီ ၂၂ နဲ့ ၂၃ နှစ်ရက်ကို ကြိုတင်မဲ ပေးရမယ်လို့ ကြားပါတယ်။ အဲ့နှစ်ရက်ကို ခရီးသွားခွင့်၊ ပုံမှန်ခွင့်ယူခွင့်တောင် မပေးထားဘူးလို့ သိရပါတယ်” လို့ ကြို့ပင်ကောက်မြို့နယ်နေ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်ကြား ရှမ်းကွင်းကျေးရွာ လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Public Service Announcement
“ပြီးခဲ့တဲ့ ရက်က စစ်တပ်ဂိတ်တောင် အပစ်ခံထားရတော့ အခု မဲရုံကို အုပ်ကြီးကအစ သွားစောင့်ပေးဖို့ ကြောက်နေတယ်။ ဘယ်သူမှ မစောင့်ရဲကြဘူး။ ဟိုတလောက ပစ်ခံရတဲ့ ရှမ်းကွင်းတို့၊ ကံကြီးတို့ ဘက်မှာဆို မဲရုံစောင့်ပေးရင်း ပိုက်ဆံဘယ်လောက်ပေးမယ် ဆိုပြီး လိုက်ရှာနေရတယ်လို့ ကြားပါတယ်။ အဲ့ဘက်က ရွာသူရွာသား အများစုကလည်း တိုက်ပွဲရန် ကြောက်လို့ ရှောင်နေကြတဲ့ မဲပေးမယ့်သူတောင် မရှိသလောက်ပါပဲ” လို့ ကြို့ပင်ကောက်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
လာမယ့် ဇန်နဝါရီ ၂၅ရက်မှာလုပ်မယ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၃)မှာ ပဲခူးတိုင်းက ကြို့ပင်ကောက်၊ အုတ်ဖို၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ သဲကုန်းနဲ့ဝေါ မြို့နယ်တို့ ပါဝင်ပါတယ်။
















































