နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်)ဂိုဏ်းတွေနဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းက ထုတ်ပြန်ပါတယ်။
အဲဒီ တရုတ်နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်နား၊ မြန်မာဖက်ခြမ်းမှာ အခြေစိုက်တဲ့ ကျားဖြန့် လုပ်ငန်းတွေနဲ့ ဆက်နွှယ် ပတ်သက်သူတွေလို့ ထိုင်းက ဆိုပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ တရုတ် ၃၀၀ ကျော်ကို တက်ခ်ပြည်နယ်၊ မဲဆောက်လေဆိပ်ကနေ မိခင်နိုင်ငံဆီ ပြန်ပို့လိုက်တာလို့ သိရပါတယ်။
ထိုင်းဟာ တရုတ်နိုင်ငံသား စုစုပေါင်း ၁၁၀၈ ဦးကို လေးရက်အတွင်း တရုတ်အာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ ထိုင်း၊ တရုတ်နဲ့ မြန်မာ စစ်တပ်ရဲ့ အာဏာပိုင်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့က တောင်တရုတ် လေကြောင်းလိုင်းပိုင် စင်းလုံးငှား လေယာဉ်ပေါ် တရုတ်နိုင်ငံသား ကျားဖြန့် သံသယရှိသူတွေကို တင်ပေးလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီ သုံးနိုင်ငံဟာ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာ ရာဇဝတ်မှုတွေကို ပူးပေါင်း တိုက်ဖျက်ဖို့ သဘောတူထားပါတယ်။
ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ ပိုပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြဖို့ ထိုင်းနဲ့မြန်မာတို့ကို တရုတ်က တောက်လျှောက် ဖိအားပေးနေခဲ့ပါတယ်။ ကျားဖြန့် လုပ်ငန်းတွေမှာ အလုပ်လုပ်ခဲ့သူ အားလုံးကိုလည်း တရုတ်က သံသယ ရှိသူတွေအဖြစ်ပဲ သတ်မှတ်ယူဆပြီး နိုင်ငံကို ပြန်လည် ရောက်ရှိပြီးမှ ဦးဆောင်လုပ်ကိုင်သူလား၊ အဓမ္မ ဖမ်းဆီး ခိုင်းစေခံရသူလား ဆိုတာကို ခွဲခြားဖို့ ပြန်လည်စစ်ဆေးပါတယ်။

Public Service Announcement
ကျားဖြန့် သံသယ တရားခံတွေဟာ ငွေကြေးလိမ်လည်မှု၊ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ငွေကြေးတွေကို ခဝါချမှု စွပ်စွဲချက်တွေအတွက် တရုတ်မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အောက်တိုဘာလမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်း လည်ပတ်တဲ့ နေရာတွေကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့နောက် ရာဇဝတ်မှု သံသယရှိသူတွေ အပါအဝင် လူထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းကြိုရလို့ ကျားဖြန့် လုပ်ငန်း အတော်များများဟာ အရေးကြီးတဲ့ ပစ္စည်းတွေကို ကြိုတင်ရွှေ့ပြောင်းပြီး တခြားဒေသတွေမှာ ကူးပြောင်း အခြေစိုက်နိုင်ခဲ့တယ်လို့လည်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တက်ခ်ပြည်နယ်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက လက်ရှိ နေရပ်ပြန်ပို့လိုက်တဲ့ တရုတ်တွေကို အရင်က ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အချုပ်ခန်းတွေထဲမှာ ထိန်းသိမ်းထားခဲ့ကြောင်း ဆိုပါတယ်။
သူတို့ကို တရုတ်ဆီ ပြန်မပို့ခင်မှာ နောက်ကြောင်းရာဇဝင် စစ်ဆေးတာ၊ လက်ဗွေနဲ့ မျက်ကြည်လွှာ မှတ်တမ်းနဲ့ အချက်အလက်တွေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ယူဆောင်တာတွေ လုပ်ခဲ့သလို ကျားဖြန့် လုပ်ငန်း ဦးဆောင်လည်ပတ်သူတွေအဖြစ် အတည်ပြုထားသူတွေကို နာမည်ပျက် စာရင်းသွင်းပြီး ပြည်တွင်းဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့လည်း ဌာန တာဝန်ရှိသူတွေက ပြောကြားသွားပါတယ်။
ကိုးကား: Bangkok Post
ဓာတ်ပုံ – Bangkok Post
















































