ဇန်နဝါရီ-၈၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း ၊ဝန်းသိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့(ဇန်နဝါရီ ၈ရက်) ညမှာ စစ်တပ်က ဗုံးကြဲသွားလို့ဒေသခံနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီကနေ့ ည၇နာရီ ၄၀မိနစ်ခန့်မှာ ဝန်းသိုမြို့နယ် နမ်းခမ်းတိုက်နယ် အရှေ့စက်ရပ်ကွက်နဲ့ ဘူတာစုရပ်ကွက်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးငါးလုံးကြဲသွားတာဖြစ်ပါတယ်။
အရှေ့စက်ရပ်ကွက်က နေအိမ်တစ်လုံးမီးလောင်ပြီး ဒေသခံနှစ်ဦး ဒဏ်ရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ဝန်းသိုမြို့က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်တော့မှာမို့ မြို့ခံတွေအနေနဲ့ တိမ်းရှောင်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၆ရက်မှာ သတိပေးထားပါတယ်။ ဇန်နဝါရီ ၉ရက်အတွင်း မြို့ကနေ ယာယီတိမ်းရှောင်ပေးဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတာဖြစ်ပါတယ်။
ဒီနေ့အထိ တိုက်ပွဲဖော်ဆောင်တာ မရှိပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာဖြစ်ပါတယ်။ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ ကောလင်းမြို့နယ်ထဲကိုလည်း စစ်တပ်ကမကြာခဏ ဗုံးကြဲနေပါတယ်။
ဒါအပြင် ဒီကနေ့ည ၉နာရီ၃၀မိနစ်ခန့်မှာဒီပဲယင်းမြို့နယ်ကိုလည်း လေကြောင်းကနေဗုံးကြဲသွားတယ်လို့သိရပါတယ်။ ထိခိုက်မှုအခြေအနေကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်း၂ကြောင်းနဲ့ထိုးနေပြီးဒီကနေ့(ဇန်နဝါရီ ၈ရက်)က သစ်ဆိမ့်ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။
ဝက်လက်မြို့နယ်၊အရှေ့ခြမ်းကို ကျောက် မြောင်းတပ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်အင်အား၂၀၀ ခန့်နဲ့ တော်လှန်ရေးတပ်တွေ ဒီနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် နံနက် ၁၁နာရီ၂၄မိနစ်က နေ့လည် ၁၂ နာရီ ၄၇မိနစ်အထိသစ်ဆိမ့်ရွာအနီးကိုလေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
(ဝန်းသိုမြို့နယ် နမ်းခမ်းတိုက်နယ် အရှေ့စက်ရပ်ကွက်ကို ဗုံးကြဲလို့ နေအိမ်မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

















































