အီရန်နိုင်ငံ အနှံ့က ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ဦးရေဟာ ၃၆ ဦးထက်မနည်းထိ ရှိလာကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုက သတိပေး ပြောကြားခဲ့ပါတယ်။
ပြည်ပအခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA)က ၁၀ ရက်ကျော် ကြာမြင့်လာတဲ့ ဆန္ဒပြပွဲတွေအတွင်း အရပ်သားပြည်သူ ၃၄ ဦးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အီရန်မှာ နိုင်ငံရဲ့ ရီယယ် ငွေကြေးယူနစ် စံချိန်တင် တန်ဖိုးကျဆင်းမှုတွေကြောင့် မြို့တော် တဟီရန်မှာ ကုန်သည်တွေ၊ စျေးဆိုင် ပိုင်ရှင်တွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် ကျောင်းသားတွေနဲ့ လူတန်းစား အလွှာအသီးသီး ပူးပေါင်း ပါဝင်လာပြီး နိုင်ငံအနှံ့ဆီ ပျံ့နှံ့သွားခဲ့ပါတယ်။
ပြီးတော့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းရာက အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီ ပဋိပက္ခတွေအတွင်း ဆန္ဒပြသူ ၆၀ ကျော် ဒဏ်ရာရခဲ့ပြီး ၂၀၀၀ ကျော် ဖမ်းဆီး ခံခဲ့ရတယ်လို့လည်း HRANAက ဆိုပါတယ်။

Public Service Announcement
လက်ရှိမှာတော့ အီရန်ရဲ့ ပြည်နယ် ၃၁ ခုထဲက ၂၇ ခုဆီ ဆန္ဒပြပွဲတွေ ပျံ့နှံ့ ကူးစက်နေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန် အစိုးရ အနေနဲ့ ဆန္ဒပြ ပြည်သူတွေကို သတ်ဖြတ်နေမယ်ဆိုရင် ပြည်သူတွေကို ကူညီကာကွယ်ဖို့ ဝင်ရောက် စွက်ဖက်ရလိမ့်မယ်လို့ သတိပေးခဲ့ပေမယ့် အီရန်ရဲ့ ဖိနှိပ်မှုတွေကတော့ အရှိန်လျော့မသွားဘူးသေးပါဘူး။
ဆူပူသောင်းကျန်းသူတွေ ပစ်သတ်လို့ နိုင်ငံ အနောက်ပိုင်း၊ အီလမ် ပြည်နယ်ထဲက မာလက်ရှာနီ မြို့ထဲမှာ ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းမှာ အီရန် အစိုးရ ဩဇာခံ မီဒီယာတွေက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ တဟီရန် မြို့တော်ထဲမှာ ဘာသာရေးခေါင်းဆောင်တွေ ကြီးစိုးတဲ့ အုပ်ချုပ်မှု စနစ်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်နေတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲနေတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာတော့ ရီယယ်ငွေကြေးဟာ အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် စံချိန်တင် တန်ဖိုး ကျဆင်းခဲ့ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ပိုမိုတင်းကျပ်လာတာ၊ အဂတိမှုတွေ ထူပြောတာနဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ငွေကြေးဖောင်းပွမှုက ၄၀ ရာခိုင်နှုန်း ပိုဆိုးရွာလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောကြားခဲ့ပါတယ်။
ကိုးကား: BBC

















































