close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံစီမံကိန်းလုပ်ရင် အစားထိုးမရတဲ့ သဘာ၀ပတ်ဝန်းကျင် ဆိုးကျိုးတွေကြုံရမယ်လို့ NUGသတိပေး

အာဏာသိမ်းစစ်တပ်က မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ ပြင်ဆင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ရာ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ ပူးပေါင်းကာ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖားကန့်မှော်လှည့်သပိတ်နဲ့ ဖားကန့်သပိတ်အင်အားစုများ ပူးပေါင်းကာ မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်း ၂၀၂၅ ဒီဇင်ဘာ ၂၄ရက်က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်

ဇန်နဝါရီ-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ ပြင်ဆင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ရာ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ ပူးပေါင်းကာ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ အသိပေးခဲ့ပါတယ်။

စစ်တပ်က မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့တဲ့အပေါ် NUGက အခုလို တုန့်ပြန်ခဲ့တာပါ။ မနေ့က ဇန်နဝါရီ ၆ရက် NUGရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကသို့ သတင်းစကား ပြောကြားမှု အစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အစိုးရရဲ့ သဘောထားကို အသိပေးခဲ့ပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အာဏာလု အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့သဘာဝ သယံဇာတတွေကို ရောင်းစားပိုင်ခွင့်၊ နိုင်ငံတကာစာချုပ်တွေ ချုပ်ဆိုပိုင်ခွင့်လုံးဝမရှိပါဘူး။ အကြမ်းဖက်စစ်အုပ်စုနဲ့ ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာ မဟုတ်သလို၊ ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုမှန်သမျှဟာ စစ်အုပ်စုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ တာဝန်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးတွေဟာလည်း အစားထိုးမရနိုင်အောင် ကြီးမားလှပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆည်ကြောင့် နုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာဝတီတိုင်းက လယ်ယာမြေတွေရဲ့ မြေဆီလွှာ ပျက်စီးသွားမှာ ဖြစ်သလို၊ မြစ်ရေစီးအား မမှန်ကန်တော့တဲ့အတွက် ပင်လယ်ဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို ဆန်တက်လာပြီး မြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး စိုက်ပျိုးလို့ မရအောင် ပျက်စီးသွားနိုင်ကြောင်း သတိပေးပါတယ်။

” ဒါ့အပြင် စစ်ကိုင်းငလျင် ပြတ်ရွေ့နဲ့ နီးကပ်လွန်းတာကြောင့် ဆည်ကျိုးပေါက်ခဲ့ရင်လည်း ကချင်ပြည်နယ်က မြို့ကြီးတွေဟာ မိနစ်ပိုင်းအတွင်း ရေအောက်ရောက်သွားမယ့် အန္တရာယ် ရှိနေပါတယ်။ အခုလို အချိန်မှာ စစ်အုပ်စုက မြစ်ဆုံ စီမံကိန်းကို ပြန်စဖို့ ကြိုးစားတာဟာ ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်တာပဲ ဖြစ်ပါတယ်။ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ရေအားလျှပ်စစ်ဟာ ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်တယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းကအကြောင်းပြပြီး မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ လိုအပ်ကြောင်း ၂၀၁၆ ဒီဇင်ဘာ ၁၆ရက်မြစ်ကြီးနား ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်ပါတယ်။

အဲဒီလို မြစ်ဆုံဆည်ပြန်ဖော်ဆောင်မယ့်အကြောင်း ဒုစစ်ခေါင်းဆောင်က ပြောခဲ့သလို စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံး အမိန့်ကြော်ညာစာကိုလည်း ဒီဇင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ပြီး စစ်ကောင်စီ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေဖို့ ကန့်ကွက်သူတွေ အဖွဲ့တွေကို အရေးယူခြင်းခံရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအပေါ် ဒေသခံတွေက မြစ်ဆုံဆည် စီမံကိန်း ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြောဆိုခဲ့ကြသလို စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေအပေါ် စိုးရိမ်ကြောင်းလည်း ပြောပြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လူထုရဲ့ သဘောထားအတိုင်းသာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒါပေမဲ့ KIO ဗဟို ကော်မတီအနေနဲ့ မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး လတ်တလောမှာ သဘောထား တစုံတရာ ထုတ်ပြန်တာမရှိသေးဘူးလို့လည်း ပြောပါတယ်။

ဒါပေမဲ့ KIOဟာ ၂၀၁၁မတ်လက တရုတ်နိုင်ငံ အာဏာပိုင်တွေဆီ မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်ခဲ့ကြောင်း စာပေးပို့ခဲ့ပါတယ်။ အဲဒီစာကိုလည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ ပြောကြားမှု အပြီးလူမှုကွန်ရက်မှာ ကချင်အသိုင်းအ၀ိုင်းက ပြန်လည်ဖော်ပြခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဆီကို KIO/KIAက ပေးပို့ခဲ့တဲ့ အဲဒီစာမှာ ကချင်တိုင်းရင်းသားတွေရဲ့ အရေးကြီးတဲ့ သမိုင်းဝင်နေရာ အဖိုးတန်ပတ်ဝန်းကျင်ဖြစ်တဲ့ မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ်စီမံကိန်း မလုပ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံစီမံကိန်း အလိုမရှိကြောင်း ဖားကန့်ဒေသခံတွေရဲ့ ဆန္ဒထုတ်ဖော်မှု ကိုလည်း KIO/KIA သတင်းပြန်ကြားရေးဌာနက ၂၀၂၅ ဒီဇင်ဘာ ၂၈ရက်မနက်မှာ မြန်မာဘာသာနဲ့ ဖော်ပြခဲ့ပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဖားကန့်မှော်လှည့်သပိတ်နဲ့ ဖားကန့်သပိတ်အင်အားစုများ ပူးပေါင်းကာ မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်း ဒီဇင်ဘာ ၂၄ရက်က ချီတက်ဆန္ဒပြခဲ့တာပါ။

မြစ်ဆုံစီမံကိန်းအလိုမရှိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနကဖော်ပြရာမှာ ဆန္ဒပြ ပြည်သူတွေက ဆန္ဒထုတ်ဖော်ရာမှာ အသုံးပြုခဲ့တဲ့ ဆောင်ပုဒ်တွေကိုလည်းအသေးစိတ် ဖော်ပြပါတယ်။ Cancel is Myitsone Projects၊ ပြည်သူ့ဆန္ဒကို နားထောင်၊မြစ်ဆုံစီမံကိန်းကို ချက်ချင်းဖျက်သိမ်း၊ Save Myitsone Stop Dictatorship Projects၊ တရုတ်အစိုးရ မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်၊ Stop Myitsone Dam forver၊ ဧရာ၀တီကို ကာကွယ်ကြ၊ NO Dam၊ Myitsone is not for China စတဲ့ ဆောင်ပုဒ်တွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၃၀ရက်က ကျင်းပခဲ့တဲ့ ချင်းညီနောင် ၂နှစ်ပြည့် အခမ်းအနားမှာလည်း KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဧရာ၀တီမြစ်ကဲ့သို့ တနိုင်ငံလုံးကို အကျိုးပြုနိုင်ရေး အင်အားတွေ စုစည်းကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ