အောက်တိုဘာ-၁၅၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ထီးခီးဒေသကိုအာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်း ကနေ ထပ်မံတိုက်ခိုက်လို့ ပြည်သူအချို့ ထိခိုက်မှုရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၄ရက် နေ့လည်ပိုင်းမှာ ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ အဆောက်အဦ ထိခိုက်ပျက်စီးကာ ပြည်သူအချို့ ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။
စစ်ကောင်စီတပ်ဟာ KNU မြိတ်-ထားဝယ်ခရိုင် သိမ်းပိုက်ထားတဲ့ထီးခီးရွာကိုအောက်တိုဘာ ၈ ရက်ကစပြီး လေကြောင်းကနေ ဗုံးတွေဆက်တိုက်ကြဲ ခဲ့တာပါ။အောက်တိုဘာ ၈ရက်နေ့မနက်မှာ Y12နဲ့ ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို နေ့ခင်းပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement
ဒါအပြင်အောက်တိုဘာ၁၀ရက်မနက်ပိုင်းမှာတိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊စက်သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ထီးခီးဒေသကို စစ်ကောင်စီ လေကြောင်း စတင်တိုက်ခိုက်ကတည်းက ဒေသခံ ပြည်သူ ၃၀၀ ကျော် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အောက်တိုဘာ ၁၄ ရက်လေကြောင်း တိုက်ခိုက်မှုမှာ ကျေးရွာထဲမှာ အနည်းငယ် ကျန်ရှိနေတဲ့ ပြည်သူအချို့ ထိခိုက်ခဲ့တာဖြစ်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာမြေပြင်ထိုးစစ်မရှိဘဲလေကြောင်း ကနေပဲတိုက်ခိုက်လာခြင်းဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာထီးခီးအပါအဝင် နိုင်ငံတဝန်းမှာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေဒေသတွေကို လေကြောင်း စစ်ဆင်ရေး အရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
ဒါကြောင့် ပြည်သူတွေ စစ်ရေးသတိရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေလိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

















































