သြဂုတ်-၃၀၊၂၀၂၅။ဇော်ဝင်း/People’s Spring
ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့တံတားပေါ်မှာ အမျိုးသမီး တဦး ခုန်ချသတ်သေဖို့ ကြိုးစားပေမယ့် အချိန်မီကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့အချို့က ပြောပါတယ်။
အဲဒီဖြစ်စဥ်ဟာ ဂျပန်တံတားလို့ လူသိများတဲ့ ပုဇွန်တောင်ချောင်းပေါ်တည်ဆောက်ထားတဲ့ ဒေါပုံတံတားသစ်ပေါ်မှာ ဒီကနေ့(သြဂုတ် ၃၀ ရက်) နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
“ချောင်းထဲက သဗ္ဗာန်ယာဉ်မောင်းတွေ တွေ့လို့ ချက်ချင်း ဆယ်ယူလိုက်ပါသောကြောင့် အသက် မဆုံးရှုံးလိုက်ပါဘူး”လို့ ကူညီခဲ့တဲ့ ကိုပူတူးက ပြောပါတယ်။

Public Service Announcement
အသက် (၃၀)ဝန်းကျင် အမျိုးသမီးတဦး တံတားပေါ်က ခုန်ချသတ်သေတာကို လိုင်းကားပေါ်က အမျိုးသမီး တဦးက လှမ်းမြင်ပြီး သတင်းပို့လို့ သွားရာကူညီခဲ့တာလို့ သူက ပြောပါတယ်။
“အသက်မသေလို့တော့ တော်ပါသေးတယ်။ ဘဝက ဘယ်လောက်တောင်ပင်ပန်းနေလို့လည်းမသိဘူး” လို့ ဒေါပုံမြို့ခံတဦးက ပြောပါတယ်။
ခုန်ချတဲ့အမျိုးသမီးနဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ကျန်းမာရေးကို ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ ရဲက အမှုမဖွင့်ဖို့လည်း သူက တိုက်တွန်းပါတယ်။
မနှစ်ကလည်း ဒေါပုံတံတားသစ်ပေါ်ကနေ သက်ကြီးပိုင်းအမျိုးသမီးတဦးခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။၂၀၂၂ နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့ဖြစ်စဥ်တွေ များလာတယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့ဝင်တွေက ပြောထားတာရှိပါတယ်။












































