ဩဂုတ်-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် ဆော့လော်မြိုနယ် ၊လန်ဆယ်ကျေးရွာတွင် အမျိုးသမီးတဦးကိုရိုက်နှက်ခဲ့သည့် KIA အရာရှိကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးနောက် KIA အရာရှိက ပြန်လည်တောင်းပန်ဖြေရှင်းလိုက်၍ နှစ်ဖက်ကျေအေးမှု ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
“ဒီကိစ္စ အဆင်ပြေပါပြီ။နှစ်ဦးနှစ်ဖက် တောင်းပန်ပြီး ကျေအေးပါပြီ။ မိန်းကလေးကိုတော့ဆေးကုဖို့တရုတ်ငွေ တစ်သောင်းပေးလိုက် တယ်”ဟု ၎င်းက ပြောသည်။
ဩဂုတ်၂၉ရက်က လန်ဆယ်ရွာရှိစားသောက်ဆိုင်တခုတွင် KIA တပ်ရင်း (၅၁)မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်နှင့် အမျိုးသမီးတဦးတို့အကြား အချင်းများရာမှတဆင့်ထိုးကြိတ်ရိုက်နှက်မှုဖြစ်ခဲ့ရာ ဒေသခံများကစီတန်းလှည့်လည်ပြီး အဆိုပါအရာရှိကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement
“လူကြီးကိုယ်တိုင်ကဖြေရှင်းပြီးမှအဲဒါအဆင်ပြေသွားပြီ။ တကယ်တန်းမှားတာက အဲဒီအမျိုးသမီးမှားတာ။ ပြီးရင်ကျနော်တို့ဗိုလ်မှူးကလည်း ဖြေရှင်းနည်းမှားသွားတာပေါ့။သူ့အမှားက ကိုယ့်အမှားဖြစ်သွားတာ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။
ကျောက်ကြိတ်ပြီးရွှေကျင်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တားမြစ်ထားသည့် နေရာရှိ ကျောက်တုံးများကို အချင်းများသည့် ဖြစ်စဉ်၌ ပါဝင်သည့်အမျိုးသမီးက ၎င်း၏လူများကို ခိုးယူခိုင်းခဲ့၍ အကြိမ်ကြိမ်တားဆီးသည်ကို မလိုက်နာသည့် အခြေအနေတွင် ယခုကဲ့သို့ အချင်းများခဲ့သည်ဟု ပြောပြသည်။
အချင်းများသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ထိုးကြိတ်ခံရသည့်အမျိုးသမီးက ရှင်းပြသည့် ရုပ်သံတွင် ရွှေခိုးသည်ဟု KIA အရာရှိက စွပ်စွဲခြင်းသာဖြစ်ကြောင်း ပါရှိသည်။ ၎င်းသည် လန်ဆယ်၌စျေးရေးနေခြင်းဖြစ်ကြောင်း၊လန်ဆယ်တွင် မမြင်ချင်ဟု KIA အရာရှိက ပြောဆိုခဲ့ရာ စျေးဆိုင်၌ရင်းနှီးထားသည့် ငွေများ ပြန်ပေးပါက လန်ဆယ်မှ ပြန်မည်ဟု ပြောဆိုခဲ့ကြောင်း၊ စိတ်တို၍ စားပွဲခုံကို အမျိုးသမီးက ရိုက်လိုက်ရာတွင် KIA အရာရှိကထိုးကြိတ်ခြင်းဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောပြထားသည်။
လန်ဆယ်ဒေသ ယခင်ကစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ထိန်းချုပ်ရာဒေသဖြစ်ပြီး ၂၀၂၄နှစ်ကုန်ပိုင်းတွင် KIAက လန်ဆယ်အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ဒေသတခုလုံးကို သိမ်းပိုက်ခဲ့သည်။
KIA ထိန်းချုပ်ထားသည့် ဒေသဖြစ်သော်လည်း ဒေသခံများက မကျေနပ်၍ KIA အရာရှိကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကိုလုပ်ဆောင်ခွင့်ရခဲ့သည်ကိုလည်း ဒေသခံများဖော်ပြသည့်ရုပ်သံ၌တွေ့ရသည်။ ဆယ်နှင့်ချီသော ဒေသခံများက “ဂျာလီအောင်” “အလိုမရှိ” ဟုအော်ဟစ် ၍စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြကြခြင်းဖြစ်သည်။
လန်ဆယ်တွင် KIA အရာရှိနှင့် အမျိုးသမီးအကြား အချင်းများမှု၊ ပြဿနာကို ဖြေရှင်းကြေအေးမှု အခြေအနေများနှင့်ပတ်သက်၍ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းရန် People’s Spring က ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။
“လန်ဆယ်ဒေသက ပြည်သူတွေ လွတ်လပ်စွာ ဆန္ဒပြခွင့်ရလာတာ ဝမ်းသာစရာပါ။ အရင် ပြည်သူ့စစ်တွေ အုပ်စိုးစဉ်က လန်ဆယ် ဆိုတာ ကချင်ပြည်နယ်သား ကျနော်တောင်မကြားဖူးဘူး။ ရွှေထွက်မှန်းလဲ မသိဘူး။ ရွှေက အခု KIA စိုးမိုးကာလမှ ထွက်လာတာတော့မဟုတ်၊ အရင်ကတည်းက ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေသာ ကျိတ်လုပ်စားနေကြတာ။ အပြင်လူဝင်ခွင့်မရဘူးလို သိရပါတယ်။ ၂၀၂၁ တနိုင်ငံလုံးသပိတ်မှောက်ချိန်တောင် လန်ဆယ်ပြည်သူတွေ ငြိမ်ခဲ့ကြတာ။ အခု အမျိုးသမီးတယောက် အာဏာပိုင်တွေ ဖမ်းဆီးချုပ်နှောင်ထားလို သူ (ချုပ်ခံထားရသူ) နဲ့ နီးစပ်သူတွေ ဆန္ဒပြလိုပြန်လွတ်မြောက်လာပြီးပြေလည်အောင်ညှိနှိင်းပေးခဲ့တယ်လိုလဲ ကြားသိရပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတဦးဖြစ်သည့် ဒေါက်တာတူးခေါင်က ယမန်နေ့ (ဩဂုတ် ၃၀)ရက်ညနေတွင် လူမှုကွန်ရက်၌ရေးသားဖော်ပြခဲ့သည်။














































