စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံး
သြဂုတ်-၂၈၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက် ည ၇ နာရီခန့်က ဘုတလင်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ ပဲပြစ်တော အရှေ့ရွာအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

Public Service Announcement
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းကနေ MA(1)တစ်လက်၊ MA(11)တစ်လက်၊ လက်နက်ငယ် (၂)လက်နဲ့ ဆက်စပ် ခဲယမ်းပစ္စည်းတွေနဲ့ ကျည်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“မိုးချုပ်သွားလို့ လက်နက်က တချို့မကောက်ခဲ့လိုက်ရဘူး။ စစ်ကြောင်းကတော့ ဘုတလင်မြို့ထဲ ပြန်ဝင်သွားတယ်။”လို့ Depeyin Local Mobile Team အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းနှင့်အတူ မုံရွာခရိုင်တပ်ရင်း(၂၀) BOBတပ်ရင်း၊ ပုလဲမြို့နယ် အခြေစိုက် ဗိုလ်မျက်လုံးတပ်ဖွဲ့၊ ဗမာ့တပ်တော် စစ်ဒေသ(၂) အမှတ်(၅၀၅)တပ်ရင်း၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်မှ ရွှေဘိုခရိုင်တပ်ရင်း(၉)၊တပ်ရင်း(၁၂)၊ဗျူဟာ(၅၃) ဒီပဲယင်း အခြေစိုက်ဂဠုန်တပ်တော်၊ Depeyin Local Mobile Team အဖွဲ့၊ အနောက်မြောက်လွင်ပြင် Galaxy Force၊ ဖီးနစ်တပ်ခွဲ၊ ရေဦးမြို့နယ် ပကဖ ၊ ကနောင်တပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမဖြစ်ခင် ညနေ ၃ နာရီခန့်က ဘုတလင်-အရာတော်လမ်းပိုင်းမှာ တောင်ကလပ်ဘုန်းကြီးကျောင်းအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂၀ ဝန်းကျင် စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပါသေးတယ်။














































