ဩဂုတ်−၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်စစ် မဖြစ်မနေဆင်နွှဲနေရသည့် အခြေအနေတွင် စစ်မတိုက်ဘဲ ဘာမှ ဖြစ်လာမည်မဟုတ်၍ တောင်တန်းနှင့်မြေပြန့်ဒေသရှိ တော်လှန်ရေးအင်အားစုများအားလုံး စစ်တိုက်ရန် အဓိက လိုအပ်ကြောင်း ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောသည်။
” စစ်တိုက်ဖိုအတွက် ဘာတွေကြိုပြင်ရမလဲဆိုတာအားလုံးသိပြီးသားဖြစ်တယ်။ အဲဒါကြောင့် အားလုံးက ဝိုင်းပြီးတော့ ကြိုးစားရင် ဒီတော်လှန်ရေးက မြန်မြန်ဆန်ဆန်အောင်မြင်နိုင်မယ်။ လက်ရှိဘ၀မှာ သာယာနေပြီးတော့မှ အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်ဘူးဆိုရင် တနေ့နေ့ တချိန်ချိန်မှာ ကျရှုံးမှာပဲလို ကျနော်ကတော့မြင်တယ်”ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်တပ်က ရှမ်းမြောက်၊ ကရင်နီအပါအဝင် နိုင်ငံတဝန်းထိုးစစ်များ ပိုလုပ်လာသည့် အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာ ဆလိုင်းထန်းချွန်းဖေကယခုကဲ့သို့ ပြောကြားသည်။

Public Service Announcement
” သေချာတာကတော့ စစ်ကောင်စီဘက်ကလည်းတော်လှန်ရေးတပ်ဖွဲတွေသိမ်းထားတာတွေကို ဒီအတိုင်းလက်လွတ်မှာ မဟုတ်ပါဘူး။ထိုနည်းတူပဲ ကျနော်တို ဒီဘက်က တော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိသိမ်းထားတဲ့ မြိုတွေအပေါ်မှာပဲ သာယာနေပြီးတော့ ရှေ့မတိုးဘဲနေမှာ မဟုတ်ပါဘူး။ ဆိုတော့ ရှေ့မှာတော့ တိုက်ပွဲက ပိုပြင်းထန်လာမှာပေါ့”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။
လက်ရှိ စစ်ရေး အခြေအနေများသည် အလှည့်အပြောင်းကို အဖြေပေးနိုင်သည့် တိုက်ပွဲအဆင့် မရောက်သေးကြောင်း ၎င်းက သုံးသပ်သည်။
“တနိုင်ငံလုံး အတာအနေနဲ့ လုပ်စရာရှိတာကို အားလုံးက လုပ်ဖိုလိုတယ်။မဟုတ်ရင်တော့ တနေ့နေ့တချိန်ချိန်မှာ ၊ ဘယ်လောက်ပဲ မြိုတွေသိမ်းသိမ်း လက်ရှိမှာ၊ အလုပ်ကို ဆက်မလုပ်ဘူးဆိုရင်တော့ အနှေးနဲ့အမြန် စစ်ကောင်စီလက်ထဲ မှာ အကုန်လုံးပြန်ပါသွားမှာပဲ ။ ဒါကို အားလုံးက သဘောပေါက်ဖိုလိုတယ်။ စခန်းလေး တခုနှစ်ခု သိမ်းပြီးတော့မှ ကိုယ့်ကိုယ်ကိုသာယာနေပြီးတော့ တော်လှန်ရေးအလုံးစုံကြီး အောင်မြင်သွားပြီလို ကိုယ့်ကိုယ်ကို ယူဆနေရင်တော့ ဒါက မှားသွားလိမ့်မယ်” ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။
စစ်ကောင်စီသည် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုများလည်း လုပ်ဆောင်လျက်ရှိသည်။
ချင်းညီနောင်စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုနှင့်ပတ်သက်၍ သိမ်းပိုက်ထားပြီးနယ်မြေများ လက်မလွှတ်ရရေး ခံစစ်ပြင်ထားရန် လိုအပ်သကဲ့သို့ တိုက်စစ်ဖြင့် မြို့သိမ်း တိုက်ပွဲများအတွက်လည်း ပြင်ဆင်ထားရန်လိုအပ်ကြောင်း လွန်ခဲ့သည့် တပတ်ခန့်က ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ရေးသား ထားသည်။
“ရွေးကောက်ပွဲမတိုင်ခင်မှာ ကျနော်တို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေ ထိန်းချုပ်ခဲ့တဲ့နယ်မြေတွေကို မအလ ဘက်ကလည်း စိုးမိုးထိန်းချုပ်ဖို့ အစွမ်းကုန်ကြိုးစားတိုက်ခိုက်မှာပါ။ ကျနော်တို့ဘက်ကလည်း ဒီနယ်မြေတွေ ကို လက်မလွှတ်ရအောင် ကာကွယ်ဖို့လိုပါတယ်” ဟု ဆလိုင်းတင်မီက ရေးသားထားသည်။
ထို့ကြောင့် ချင်းပြည် ခြံစည်းရိုးလုံခြုံရေးအတွက် အဓိက ထားပြီး ရင်ဘတ်ကျယ်ကျယ်ဖြင့် တော်လှန်ရေး ခရီးဆက်ကြစို့ဟု ဆလိုင်းတင်မီက ဆိုသည်။
ချင်းညီနောင်နှင့်မဟာမိတ်များသည် ချင်းပြည်နယ် ကျင်ဒွေး၊ မတူပီ၊မင်းတပ်၊ ကန်ပက်လက် နှင့် ဖလမ်းမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။












































