ဩဂုတ်-၂၅၊ ၂၀၂၅။ ရှိန်း/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက မိုးကြိုးကျေးရွာကို စစ်တပ်ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကို ဖမ်းဆီးကာ နေအိမ်တွေကို ရှာ ဖွေတာတွေ ပြုလုပ်နေတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
ဩဂုတ် ၂၄ ရက်က စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်တောင်ရွာနဲ့ စဉ့်ကိုင် မြောက်ရွာကို လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ မန္တလေးမြို့ဂေါဝိန်ဆိပ်ကမ်းကနေ စစ်တပ်က သင်္ဘောနဲ့ ဆန်တက်လာတာပါ။
အဲဒီ သင်္ဘောဟာ ဒီနေ့ မနက်၅နာရီလောက်မှာမိုးကြိုးရွာဆိပ်ကမ်းကို ကပ်ခဲ့ပြီး ပစ္စည်းတွေ ချကာ စဉ့်ကိုင်မြောက်ရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက သွားယူခဲ့တာလို့ Wetlet Informational Network တာဝန်ရှိသူ ကိုနဂါးလေးက ပြောပါတယ်။

Public Service Announcement
“မနက်အစောကြီးရွာထဲဝင်တော့ မပြေးနိုင်လိုက်တဲ့ ပြည်သူတွေရှိတယ်။ အဲ့လူတွေ အဖမ်းခံရတာတော့ရှိတယ်လို့ သိရတယ်။ လက်ရှိအခြေ အနေကတော့ မသိရသေးဘူး”လို့ ကိုနဂါးလေးက ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးကလည်း စစ်ကောင်စီက သေနတ်ပစ်ဖောက်ကာ နေအိမ်တွေကို ဝင်ရှာတာတွေ ရှိခဲ့ပြီး ဒီနေ့ညနေပိုင်းအထိ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲလို့ ပြောပါတယ်။
အဓိက,ကတော့ ခဲယမ်းပို့တယ်လို့ သိရပြီး အိတ်တွေနဲ့ ပုံးအဝါတွေ ပါကာ ပြည်သူတွေ သတ်ဖြတ်ခံရတဲ့ သတင်းမျိုး မကြားရသေးဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။
စဉ့်ကိုင်ရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင် ၂၈ရက်ကတည်းက စစ်ကြောင်းထိုးနေပြီး မနေ့ကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။












































