သြဂုတ်-၂၄၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ စစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာဘက်က ယာဥ်တွေကိုမြို့ထဲအဝင်မခံဘဲလှည့်ပြန်ခိုင်းနေကြောင်း ဒေသခံများက ပြောပါတယ်။
မလှိုင်မြို့အဝင်မှာ စစ်ကောင်စီတပ်ကအင်အားအများအပြားနဲ့ လုံခြုံရေးချထားပြီး တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာဘက်က ယာဥ်တွေကိုလည်း သြဂုတ်လ ၁၈ ရက်နေ့ကစပြီး အဝင်မခံဘဲ လှည့်ပြန်ခိုင်းတာတွေ၊ ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
“အရင်က အဲ့လောက်မဆိုးဘူးပေါ့။ ပေးတော့ပေးနေရတာပဲ။အခုက မြင်းခြံဘက်ကလာတဲ့ကားဆို မရမက ရစ်တောင်းတာပေါ့။”လို့ လူထုသတင်းကွန်ရက်-မလှိုင်ရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ကုန်တင်ယာဥ်နဲ့ ခရီးသည်တင်ယာဥ်တွေပေါ်ကပစ္စည်းတွေကိုလည်းဖောက်ဖွင့်ပြီးတော့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြင်းခြံကားတွေဟာညောင်ဦးဘက်ကနေသာ ပတ်သွားနေရပြီး ကားခတွေစျေးတက်လာကြောင်း ဒေသခံတွေက ပြောပါတယ်။
“မန္တလေးကားခကိုက ခြောက်သောင်းဖြစ်သွားတယ်။ညောင်ဦးဘက်ကပဲ ပတ်သွားလို့ရတော့တာ”လို့ မြင်းခြံဒေသခံက ပြောပါတယ်။
မလှိုင်မြို့မှာ ကိုယ်ပိုင်ကျောင်းတွေဖွင့်လှစ်ထားတဲ့အတွက် ဧည့်လာတွေ့တဲ့ ကားတွေကို လည်း စစ်ကောင်စီတပ်က တစ်စီး ငွေကျပ်ငါးထောင်ပေးမှ ဝင်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေနဲ့ နယ်နမိတ်ချင်းထိဆက်နေတဲ့ မလှိုင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ စစ်ကြောင်းထိုးမီးရှိို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။












































