ဩဂုတ်−၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ချမ်းမြေကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၂၄ရက်)တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ပါး ပျံလွန်တော်မူခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က လူမှုကွန်ရက်တွင် အသိပေးထားသည်။
ယနေ့မနက် ၁၀နာရီ ၂၀မိနစ်ခန့်တွင် ချမ်းမြေ့ရွာဘုန်းကြီးကျောင်းရှိ ဆွမ်းစားကျောင်းဆောင်ကို စစ်ကောင်စီ ကြဲချသည့် ဗုံးထိမှန်ခဲ့ပြီး ကျောင်းရှိ သံဃာ ၈ပါးအနက် ၂ပါး ပျံလွတ်တော်မူကာ ၅ပါး ဒဏ်ရာရခဲ့ဟု ဆိုသည်။

ဒဏ်ရာရသည့် သံဃာ ၂ပါးမှာ စိုးရိမ်ရဟုလည်း အသိပေးသည်။

Public Service Announcement
အာဏာသိမ်းစစ်ကောင်စီက ပြည်သူကို ရန်သူလို သဘောထားပြီး လုပ်ဆောင်နေခြင်းဖြစ်၍ ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီလုပ်နေကျဖြစ်ကြောင်း၊ ပြည်သူကို အကြောက်တရား သွတ်သွင်းနေခြင်းဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။
” အကြမ်းဖက်စစ်တပ်ကတော့ သူတို့ အာဏာ တည်မြဲဖို့အတွက်ဆိုရင် ဘာမဆိုလုပ်မှာပဲ။ ရှေ့မှာလည်း တောက်လျှောက်လုပ်နေခဲ့တာတွေလည်းရှိနေတယ်။ သက်သေတွေလည်း အမျိုးမျိုးပြပြီးဖြစ်တယ်။ အခု တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆိုတာကလည်း သူလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအားလုံးအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဖို့ လုပ်တဲ့သဘောပဲ” ဟု ဦးနေဘုန်းလတ်က ပြောသည်။
စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်၍ ပြည်သူများ သတိထားရန်လည်း ၎င်းက ဆိုသည်။
“စခတွေရဲ့ ယုတ်မာမှုတွေများစွာအနက်က ဖြစ်ရပ်တစ်ခုပါပဲ။ ဒဏ်ရာရသံဃာတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်းရတဲ့ သံဃာတွေလည်း ရှိနေပါတယ်”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ချမ်းမြေ့စုဘုန်းကြီးကျောင်းဟာ သံဃာတော်ရှစ်ပါး သီတင်းသုံးနေတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသည့် သံဃာငါးပါးအနက် နှစ်ပါးမှာ စိုးရိမ်ရသည့်အခြေအနေဟု ဆိုသည်။
လေကြောင်းတိုက်ခိုက်ခံရလို့ သံဃာနှစ်ပါးပျံ လွန်တော်မူသွားတဲ့ ငှက်ပျောတောကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ် မဟာ (၁)ရဲ့ ထိန်းချုပ်နယ်မြေအတွင်းပါဝင်နေတာကြောင့် စစ်ကောင်စီဘက်က အဲဒီရွာကို အခုလိုလေကြောင်းတိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက မှတ်ချက်ပေးပါတယ်။
“KNU တပ်မဟာ (၁)ရဲ့ ထိန်းချုပ်နယ်မြေထဲ ပါပါတယ်။ ကြဲတာတော့ ခုလိုပဲ မကြာခဏလာကြဲနေတာပဲ”လို့ နောက်ထပ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ယခု စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့သည့် ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ၌ ပါဝင်ရာ တပ်မဟာ(၁) တာဝန်ရှိသူထံ ဆက်သွယ်၍ အခြေအနေများ မေးမြန်းထားဆဲဖြစ်သည်။
စစ်ကောင်စီတပ်သည် ဧပြီ ၁၉ရက်ကလည်း KNU သထုံခရိုင် ဘီးလင်းမြို့နယ် မင်းစောကျေးရွာရှိ ဘုန်းကြီးကျောင်းကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသမီး ၂ဦး နှင့် ကိုရင် ၁ပါး သေဆုံးကာ သံဃာ ၂ပါး၊ ကိုရင်ကြီး ၁ပါး၊ အရပ်သား ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်ကလည်း ဘုန်းတော်ကြီးများဆွမ်းစားနေချိန် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သား ပြည်သူနေအိမ်များသို့ လေယာဉ်၊ ဒရုန်း၊လက်နက်ကြီး ပစ်ခတ်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်နေကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။












































