ဇူလိုင် – ၁၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ညပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ပုသိမ်ကြီးမြို့နယ် ၊ ရေလောင်ရွာဆီသွားရာ လမ်းဘေးမှာ ဇူလိုင် ၁၁ ရက် ညပိုင်း ၇ နာရီခန့်က တွေ့ရှိခဲ့တာပါ။
“အလောင်းပိုင်ရှင်တော့ မသိရသေးဘူး ၊အလောင်းက ပုတ်ပွနေပြီ ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
ရုပ်အလောင်းကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားပြီး သေဆုံးသူက အသက် ၃၅ ဝန်းကျင်အရွယ်လို့သိရပါတယ်။
သေဆုံးသူဟာဆိုရင် အနက်ရောင် လည်ကတုံး လက်တို အင်္ကျီ နဲ့ ခဲရောင်ဘောင်းဘီတို ဝတ်ဆင်ထားတယ်လို့ လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
အခုလ ဇူလိုင်လ၁ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ အာဟာရပြတ်လပ်သေဆုံးတဲ့ရုပ်အလောင်းတွေ၊ ဓားဒဏ်ရာ၊ ရိုက်နှက်ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေစွန့်ပစ်ထားတာကို ဒေသခံတွေ မကြာခဏ တွေ့လာရပါတယ်။
