မင်းညို/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ တစ်ပတ်အတွင်း လူငယ် ၄၀ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူတွေမှာ အမျိုးသမီးငယ်တွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကနေ မနေ့က မတ်လ ၉ ရက်အထိ တစ်ပတ်အတွင်း ဝမ်းတွင်းမြို့နယ်က တမာကန်၊ ကျောက်အိုး၊ စမုံ၊ နဘဲကန်၊ ဘုရားစု၊ ရွာရှည်၊ သဘွတ်ကုန်း၊ တဲစု၊ မြောက်ဇဂျမ်းကုန်း၊ အုပ် အစရှိတဲ့ကျေးရွာတွေက လူငယ် ၄၀ကျော် စစ်မှုထမ်းဖို့ဆိုပြီး စစ်ကောင်စီတပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လမ်းမပေါ်တွေအပြင် နေအိမ်တွေထဲအထိပါ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။
“နဘဲကန်ရွာက ၁၅ဦးက လက်ဖက်ရည်ဆိုင်ထဲဝင်ပြီးပေါ်တာဆွဲခံရတာ။”လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“မကျီးအုပ်ရွာက လူတွေ ရွာဘေးက ကင်းတားမြောင်းဘောင်ထဲရေဆင်းချိုးနေကြတာကော လမ်းပေါ်သွားလာနေတာကော ဆယ်ဦးအဖမ်းခံထားရတယ်။”လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၄ ရက် ညနေပိုင်းက ဒိုင်ကောင်းကုန်းအနောက်ဘက်ရွာ၊ အလှူအလှည့်ကြည့်ပြီးပြန်လာတဲ့ စမုံကျေးရွာက မိန်းကလေးနှစ်ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားတယ်လို့ Voice Of Wundwinက ဆိုပါတယ်။
အခုစာရင်းဟာ Voice Of Wundwin က ရရှိထားတဲ့ အချက်အလက်သာဖြစ်ပြီး မြေပြင်မှာ ယခုထက်ပိုများနိုင်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
“၀မ်းတွင်းမှာ ပေါ်တာဆွဲတဲ့ဟာနဲ့ စစ်မှုမထမ်းချင်ဘဲ ရှောင်တိမ်းပြီး စကစကို တော်လှန်ချင်တဲ့ လူငယ်တွေကို မြို့နယ်အဖွဲ့အစည်းကနေ ကြိုဆိုနေပါတယ်။ ဆက်သွယ်မယ်ဆိုရင် pageကို လာရောက်ဆက်သွယ်နိုင်ပြီး ယူဆောင်ရန် လိုအပ်တာတွေကို pageကနေ တဆင့် စုံစမ်းနိုင်ပါတယ်။”လို့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ လူငယ်အများအပြားကို ဖမ်းဆီးနေပြီး တစ်နှစ်အတွင်း လူငယ်ထောင်ချီ ဖမ်းဆီးခဲ့ရာမှာ အခုဆိုရင် စစ်မှုထမ်းအပတ်စဥ် (၁၀)ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းခံရသူတွေလည်း စစ်တပ်ကနေထွက်ပြေးပြီးတော့ တော်လှန်ရေးအဖွဲ့တွေထံ သွားရောက်ခိုလှုံသူ များပြားလာနေပါတယ်။
