မြစ်ကြီးနားမှ မုံရွာသို့ ခရီးသည်တင်ကားဖြင့်စစ်ကောင်စီရဲတပ်ဖွဲ့က လျှိဝှက်ပို့ဆောင်လိုက်သော ရဲတပ်ဖွဲ့ အသုံးအဆောင်များနှင့် ယူနီဖောင်းများကို ခင်ဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ် သိမ်းဆည်းနိုင်ခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့သွားသည့် ခရီးသည်တင်ကားတစ်စီးကိုဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ယူနီဖောင်းတွေရော ပိတ်စတွေရော ရာထူးအဆင့်တံဆိပ်တွေနဲ့ တွေ့ရတာပါ။အရွှေ့အပြောင်းလုပ်ပုံရတယ်။ကားရဲ့အောက်ထပ်ခန်းမှာမှ ဖွင့်ဖို့မလွယ်တဲ့ဘက်ခြမ်းမှာ ထားထားတာ” ဟု ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်တစ်ဦးချင်းစီကို ခွင့်တောင်းစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာခြင်းမရှိဟုအတည်ပြုနိုင်သည်ဟုသိရသည်။
“ကားပေါ်က ခရီးသည်တွေ အကုန်လုံးကို ခွင့်တောင်းပြီးစစ်ဆေးတဲ့အခါခရီးသည်တွေထဲမှာ ဒီကောင်တွေ မပါဘူး။ ပစ္စည်းကြီးပဲ အပျောက်တင်ပေးလိုက်ပုံရပါတယ်” ဟု ၎င်းကဆက်ပြောသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ခံဝန်ထိုးပြီး ခရီးဆက်စေခဲ့သည်ဟု သိရသည်။
ခင်ဦးမြို့နယ်တွင်စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသော်လည်းဒေသတွင်းနယ်မြေစိုးမိုးမှုပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေအများစုကို စိုးမိုးထားကြောင်းဒေသခံအချို့ကပြောသည်။
