မေ ၂၁၊၂၀၂၅။ရဲခေါင်/People’s Spring
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်(အမတ-၃၁၈) တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့ သေဆုံးထိခိုက်မှုရှိကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP -AD)က ယနေ့(မေလ ၂၁ ရက်) ထုတ်ပြန်သည်။
မော်လမြိုင် – သံဖြူဇရပ်လမ်းမကြီးပေါ် ရောင်းဒေါင်းကျေးရွာအနီးတပ်စွဲထားသည့် အမတ (၃၁၈)ကို NMSP(AD) မုဒုံမြို့နယ်တပ်က ယမန်နေ့ နေ့လည် ၁၂နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှ တစ်ဦးသေပြီး ငါးဦးဒဏ်ရာရကြောင်း ဖော်ပြသည်။

Public Service Announcement
တိုက်ပွဲအတွင်း NMSP(AD)ဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေစဉ် မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးအား ယာဥ်ဖြတ်သန်းမှု ယာယီရပ်နားခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။
“အဆင်းကားရော၊ အတက်ကားရော ၃နာရီလောက်ပိတ်သွားတယ်။ရေးဘက်ဆို ကွမ်လှာ နဲ့ မော်လမြိုင်ကအလာဆို နှီးပဒေါကြားပဲ”ဟု မုဒုံမြို့ဒေသခံတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး NMSP-AD ၏ ပြောရေးဆိုခွင့်တာဝန်ရှိသူ နိုင်ကောင်းစကားထံ လူထုနွေဦးက ဆက်သွယ်နေဆဲ ဖြစ်သည်။
ယခုတိုက်ပွဲမတိုင်မီကလည်း ရေးမြို့နှင့် ရေဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်တပ်များနှင့်အတူ NMSP-ADက တိုက်ခိုက်ထားသည်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊အမျိုးသားတန်းတူညီမျှရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ် ပြည်ထောင်စုပေါ်လာရေးအတွက် မွန်ပြည်သစ် ပါတီမှတဆင့် နိုင်ငံရေးခံယူချက်တူသော ခေါင်း ဆောင်များ၊ပါတီဝင်များ၊တပ်ဗိုလ်၊တပ်မှူးများစုပေါင်း၍ အာဏာသိမ်းစစ်ကောင်စီကိုတိုက်ခိုက် ရန် ၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်က စတင်ဖွဲ့စည်းခဲ့သည်။
