မေ၂၁၊၂၀၂၅။ကဖေး/People’s Spring
ဖားကန့်ကိုဦးတည်နေသည့် စစ်ကြောင်းသည် စစ်ကောင်စီရဟတ်ယာဉ်နှစ်စင်းကို KIA က ပစ်ချသည့်နေ့တွင် ကစဉ့်ကလျားဖြစ်ခဲ့ပြီး နောက်သို့ပြန်ဆုတ်ခွာနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဧပြီလတတိယလပတ်မှစတင်ပြီး ဖားကန့်ကို ဦးတည်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီရှမ်းနီ(SNA) နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် မေလ ၁၉ရက်က ဖားကန့်ကျောက်စိမ်းမှော်နှင့် ၁၀ မိုင်ခန့်အကွာ ပျားအုံရွာသို့ ရောက်ရှိနေခဲ့ပြီး KIA ဦးဆောင်သည့်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်။
မေလ၂၀ရက်နေ့က ဗန်းမော်မြို့တွင် စစ်ကောင်စီရဟတ်ယာဉ်နှစ်စင်းကို KIA က ပစ်ချလိုက်ခြင်းသည် ဖားကန့်လမ်းရောက်စစ်ကောင်စီစစ်ကြောင်းကိုလည်း ထိတ်လန့်တုန်လှုပ်သွားစေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement
“ပျားအုံရွာအထိရောက်လာတဲ့စစ်ကြောင်းက မနေ့(မေ ၂၀)ကနောက်ပြန်ပြေးတယ်။သွေးပျက်ပြီးပြန်ဆုတ်သွားတာ။ KIA၊ PDF က နောက်ကလိုက်ချတယ်။ အခု ပျားအုံရဲ့နောက်ဘက်က တံတားညီနောင်မှာ တိုက်ပွဲအရမ်းပြင်းထန်နေပြီး ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ၂ ခါလာပစ်သွားပြီ”ဟုမေလ ၂၁ရက် နံနက်ပိုင်းစစ်ရေးအခြေအနေကို ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။
ပျားအုံရွာနှင့် ဖားကန့်ကျောက်စိမ်းမော်ဒေသသည် ၁၀ မိုင်ခန့်ဝေးပြီး ယခုအခါ စစ်တပ်စစ်ကြောင်းပြန်ဆုတ်ခွာသွား၍ ၁၃မိုင်ခန့်အထိဝေးကွာသွားပြီဟု သတင်းရရှိသည်။
KIAသည် ဗန်းမော်မြို့သ်ိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် စစ်ကောင်စီက ဖားကန့်ကို နယ်မြေစိုးမိုးမှုပြန်လည်ရယူအတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။SNAနှင့်ပြည်သူ့စစ်များကို ဖားကန့်အထိ စစ်ကြောင်းထိုးနိုင်ပါက ကျောက်စိမ်းတူးဖော်ခွင့်ပေးမည်ဟုမက်လုံးပေးထားကြောင်းစုံစမ်းသိရှိရသည်။
“စစ်ကောင်စီဘက်မှာပြည်သူ့စစ်တွေအသေများတယ်။ကျောက်စိမ်းလုပ်ကွက်တွေပေးမယ်ဆိုပြီး အတင်းထိုးတက်ခိုင်းနေတာ”ဟုဖားကန့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင်ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေသလို ဖားကန့်လမ်း၌လည်းတိုက်ပွဲဆက်ဖြစ်နေသည်။
မေလ ၂၀ရက်နေ့လယ် ၁နာရီခန့်က ဗန်းမော်မြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို ဆင်းသက်ရန်ကြိုးစားသည့် ရဟတ်ယဉ် ၃ စီးအား KIA နှင့် ပူးပေါင်းတပ်များက ပစ်ခတ်ခဲ့သည်။၂ စီးထိမှန်ပြီး ၁စီးသည် KIA တပ်ရင်း(၅)နယ်မြေ စည်ငန်းရွာအနီး တောထဲသို့ ပျက်ကျကာ စစ်ကောင်စီ ဗျူဟာမှူးအပါအဝင်အနည်းဆုံး ၇ ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။အခြား ၁စီးသည် ပန်ကာပျက်စီးသွားပြီး ရွှေကူတွင် အရေးပေါ် ဆင်းသက်ခဲ့ရကာမထိမှန်ခဲ့သော ၁စီးသည် မြစ်ကြီးနားလေဆိပ်သို့ဆင်းသက်သွားသည်ဟုသတင်းရရှိသည်။
