close
Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေနှင့် ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဒရုန်းနှစ်စင်း ပစ်ချခဲ့ပြီး လက်နက် ၄လက်သိမ်းရဟု ရှမ်းတောင်စစ်ဒေသခွဲ ပြော

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် တို့၏ ထိုးစစ်ခုခံတိုက်ပွဲအတွင်း သေနတ်(၄)လက်အပါအဝင် တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်း သိမ်းဆည်းရရှိကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ယနေ့(မေလ ၁၆ ရက်) ထုတ်ပြန်သည်။

ရှမ်း - ကရင်နီအစပ်ဒေသ၌ စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - South Shan Tactical Operation Command -1 PDF

မေ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် တို့၏ ထိုးစစ်ခုခံတိုက်ပွဲအတွင်း သေနတ်(၄)လက်အပါအဝင် တိုက်ခိုက်ရေးဒရုန်းကြီးနှစ်စင်း သိမ်းဆည်းရရှိကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)က ယနေ့(မေလ ၁၆ ရက်) ထုတ်ပြန်သည်။

ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် အခြားမဟာမိတ်တပ်ပေါင်းစုတို့ စိုးမိုးထားသော မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် အင်အား ၆၀၀ကျော်ဖြင့် ညောင်‌ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့၌ စစ်ကြောင်းထိုးလာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် မေလ ၆ ရက်ကစ၍ ၁၆ ရက်အထိ ညောင်‌ရွှေနှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ရေပူကျေးရွာ၊ စွန့်စွဲကျေးရွာနှင့် လွယ်လုံကျေးရွာဘက်၌ ကုန်းကြောင်းနှင့် ရေကြောင်းများဖြင့် ထိုးစစ်ဆင်လာခဲ့သော စစ်ကောင်စီပူးပေါင်းတပ်အား ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁)၏ စီမံကွပ်ကဲရေးအောက်ရှိ PDF အမှတ် p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်းနှင့် စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်သည့် ပျားစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း ၁၈ဦး ထက်မနည်းသေဆုံးကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီပူးပေါင်းတပ်၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဒရုန်းကြီးနှစ်စင်းအား Jumper Gunဖြင့် ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် MA3 သေနတ် (၃)လက်၊ MA1 သေနတ်(၁)လက် စုစုပေါင်း သေနတ်(၄)လက် အပါအဝင် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ရဲ‌ဘော်နှစ်ဦး အသေးစားဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မိုးဗြဲမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး မေလ ၁၄ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ငါးဦးထက်မနည်းသေဆုံးပြီးနောက် ခမရ(၄၂၂)တပ်ရင်း ပြန်လည်ဆုတ်ခွာနိုင်ရန် လက်နက်ကြီး၊ အဆိပ်ငွေ့ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဆုတ်ခွာသွားခဲ့ကြောင်း အသိပေးသည်။

“ကျွန်တော်တို့ ထိန်းထားတဲ့အပေါက်တွေကို ဆက်တိုးလာတဲ့အခြေအနေကို တိုက်ခိုက်တာ။သူတို့အထိနာပြီး ၄၂၂ထဲ ပြန်ဆုတ်သွားရပါတယ်”ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)ဗျူဟာမှူး ကိုနေကောင်းက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ်(၁)သည် တပ်‌ပေါင်းစုနှင့်အတူ စစ်ကောင်စီတပ်၏ မိုးဗြဲမြို့စစ်ကြောင်း၊မိုးဗြဲ-ကုန်းသာစစ်ကြောင်းနှင့် ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်က စစ်ကြောင်းသုံးကြောင်းအား ခုခံနေပြီး တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေအုံးမည်ဟု ဖော်ပြသည်။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီ၏ အဓမ္မစုဆောင်ထားသည့် စစ်မှုထမ်းတပ်သားသစ် ၁၆ ဦးသည် ၄ ရက်အတွင်း ရှမ်းတောင်စစ်ဒေသခွဲ၊PDF ဗျူဟာအမှတ် (၁)၏ ကွပ်ကဲမှုအောက် အလင်းဝင်လာကြောင်း သိရသည်။

“ဒီလ ၁၂ ရက်နေ့ကနေ ၁၅ ရက် ညပိုင်းအထိပါ။လောလောဆယ်အထိ ကျွန်တော်တို့ထိန်းသိမ်းထားပါတယ်”ဟု ကိုနေကောင်းက အလင်းဝင်လာသူများ၏ အခြေအနေအပေါ် ရှင်းပြသည်။

ထို့အပြင် စစ်ရှိန်မြှင့်ပြီး ပြန်လည်ထိုးစစ်ဆင်နိုင်ရန် လိုအပ်‌နေသည့် ခဲယမ်း၊ စစ်ကြောင်းအသုံးစရိတ် နှင့် စစ်ကြောင်းရိက္ခာများ အထူးလိုအပ်နေပါသဖြင့် စစ်တိုင်းကွပ်ကဲရေးအဖွဲ့ ၊ MODနှင့် ပြည်တွင်းပြည်ပမှ ထောက်ပို့ပြည်သူအ‌နေ​ဖြင့် ကျည်၊ ရိက္ခာများပါဝင် ထောက်ပို့ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း ရုရှားနိုင်ငံမှ သင်တန်းဆရာများဖြင့် သင်ကြားထားသည်ဆိုသည့် PNO/PNA ပြည်သူ့စစ်၏ အထူးကွန်မန်ဒိုတပ်သားများ ရှေ့တန်းတွင် သေဆုံးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)တာဝန်ရှိသူအချို့က လူထုနွေဦးသို့ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးနေသည်ဟု ဒေသခံစစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ​ပြောသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့(ဧပြီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) က တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲများအတွင်းအရပ်သား ၂၇ ဦးကို ဖမ်းဆီးကာ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ခြောက်ဦးပျောက်ဆုံးနေကြောင်းBurma War Crimes Investigation (BWCI) က အစီရင်ခံစာထုတ်ပြန်သည်။