မေ ၅၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးနေသည်ဟု ဒေသခံစစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
ယနေ့(မေလ ၅ ရက်) နံနက်ပိုင်းကစ၍ ညောင်ရွှေမြို့နယ်၏ တောင်ဘက်စွန်းရှိ ရေပူကျေးရွာကို စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့က စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်ဖွဲ့များဖြင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးသည်။
ထို့နောက် နေ့လည် ၁၂ နာရီခန့်တွင် ရေပူကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
“ထိတွေ့မှုတော့ဖြစ်နေတုန်း”ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(IPDF)မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ယနေ့ ညနေ ၆ နာရီခွဲခန့်တွင် ပြောသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ရွှေနှင့် ဖယ်ခုံမြို့တို့ရှိ ဒေသခံနှင့် စစ်ရှောင်ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရထားကြောင်းလည်း သိရသည်။
ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ စံကားကျေးရွာအုပ်စု၊ ထီခိုးရွာ၊ ရေပူရွာ၊ တောင်ပို့ကွဲရွာနှင့် ညောင်လေးပင်ကျေးရွာတို့ကို စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်ကြောင်းထိုးမည်ဟု PNA ပြည်သူ့စစ်က ဧပြီ ၆ ရက်တွင် ကြေညာခဲ့သည်။
ထို့နေ့ပင် ရေပူကျေးရွာအရှေ့ခြမ်း စစ်ကြောင်းထိုးရာတွင် PNAနှင့်စစ်ကောင်စီတပ်တို့ ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရကာ ၎င်းတို့၏ ကင်းထောက်ဒရုန်းတစ်စီးကို IPDFက ပစ်ချရရှိခဲ့သည်။
၂၀၂၂ကစ၍ PNO/PNAသည် အာဏာသိမ်းစစ်တပ် နှင့် ပူးပေါင်းမှုပြုလုပ်ခဲ့ပြီး ၎င်း၏ နယ်မြေဖြစ်သည့် အထူးဒေသ(၆)ရှိ ပင်လောင်း ၊ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်များမှ လူငယ်များအား အတင်းအဓမ္မပြည်သူ့စစ်အဖြစ်သွပ်သွင်းပြီး လူထုထံမှ ဆက်ကြေးများလည်း ကောက်ယူနေသည်။
