မေ ၂၊၂၀၂၅။ရဲခေါင်/People’s Spring
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီ၏ ခမရ (၂၀)၊ ခမရ(၅၈၄)တပ်ရင်းနှင့် ခလရ(၅၁)တပ်ရင်းတို့သည် ပြည်သူများအား အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမှတ်(၂)စစ်ဒေသက ဖမ်းဆီးထားသော ညောင်လေးပင်မြို့နယ်မှ ပျူစောထီးခေါင်းဆောင်း လှိုင်မင်းက ထွက်ဆိုလိုက်သည်။
ပျူစောထီးခေါင်ဆောင်လှိုင်မင်းသည် ၎င်း၏မိသားစုဝင်များနှင့်အတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်းရေတံခွန်၌ ရေကစားနေစဥ် ဧပြီ ၁၅ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဟု တောင်ပိုင်းစစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ(၁)၊ အမှတ် (၂၇)စစ်ဗျူဟာ တာဝန်ခံ ကိုအေးမင်းထွန်းက လူထုနွေဦးသို့ ပြောသည်။
ပျူစောထီးခေါင်းဆောင်း လှိုင်မင်း၏ ထွက်ဆိုချက်ကို အမှတ် (၂၇)စစ်ဗျူဟာ၊ အမှတ်(၂)စစ်ဒေသခွဲက ယနေ့(မေ ၂ရက်)တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

Public Service Announcement
၂၀၂၃ မှ ယခု၂၀၂၅ ဖေဖော်ဝါရီလပိုင်းအထိ ညောင်လေးပင်မြို့နယ်အတွင်း ခမရ(၂၀) ၊ခလရ(၅၁) နှင့် ခမရ(၅၈၄)တပ်ရင်းအပြင် ခမရ (၃၄၉)၊ခလရ (၃၅၀)၊ခလရ(၄၄၀)နှင့် ခမရ(၈)တပ်ရင်းတို့ကလည်း ဒေသခံများ သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည်ဟု ပျူစောထီးခေါင်းဆောင်း လှိုင်မင်းက ဖွင့်ဟသည်။
၎င်း၏ ထွက်ဆိုချက်များအရ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွင် ခမရ(၂၀)တပ်ရင်းမှဗိုလ်မှူးနေလင်း၊ ဗိုလ်ကြီးကျော်စွာလင်းနှင့် ဗိုလ်ကြီးဇော်မျိုးထွဋ် အပြင် ခလရ(၅၉)တပ်ရင်းမှ ဗိုလ်ကြီး ချစ်ကိုဝင်းတို့က အဓိက ကျူးလွန်ခဲ့ကြောင်း အသိပေးသည်။
ထို့အတူ ခလရ(၅၁)တပ်ရင်းမှ ဗိုလ်ကြီး(အမည်မသိ)နှင့် ခမရ (၅၈၄)တပ်ရင်းမှ ဒုတပ်ရင်းမှူး(အမည်မသိ)တို့ကလည်း ပြည်သူများ သတ်ဖြတ်ရန်နှင့် အလောင်း ဖျောက်ရန် အမိန့်ပေးခဲ့ကြောင်း ထွက်ဆိုသည်။
အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု တစ်ကြိမ်လျှင် ပြည်သူ ငါးဦးမှ ကိုးဦးအထိရှိခဲ့ပြီး မီးရှို့၍ သေနတ်ဖြင့် ပစ်သတ်ခြင်းပါ ကျူးလွန်ခဲ့ကြောင်း လှိုင်မင်းက ပြောသည်။
စစ်ကောင်စီတပ်များနှင့်အတူ ညောင်လေးပင်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင်များအဖြစ် ၎င်းအပါအဝင် ကျော်ကျော်ငြိမ်း၊မိုးကြီး၊ကုလားကြီး၊ငအောင်၊မင်းသားကြီး၊ကွမ်ကီး၊စိန်ထွန်း၊လှိုင်းမင်း၊သန်းဌေး၊ဗိုက်ကလေး၊လှိုင်မင်းထွန်း၊စိန်ထွန်း၊ကိုစိုင်း၊မင်းမော်ဦး၊မြင့်မြတ်အောင်၊ကျော်ဦး၊နိုင်လင်းစိုး၊ငဖြိုး၊သွားခေါ်၊နေတိုး နှင့် ဝလေး တို့လည်းပါဝင်ကာ ကျော်ဌေးက ပြည်သူ့စစ်ခေါင်ဆောင်းဟု ဆိုသည်။
“ပုစွန်းမြောင်းရွာမှာ ၂၉ ရက် ၄လပိုင်း ၂၀၂၃မှာ ခလရ(၅၁)နဲ့ ထပ်တွဲရတယ်။အဲဒီမှာ အိမ်တွေမှာရှင်းလင်းတဲ့အခါ သူတို့မိသားစုတွေက ဘယ်မှသွားစရာမရှိလို့ဆိုပြီးပြောတယ်။အဲဒါကို ဒလန်ပါဆိုပြီး (၅၁)တပ်က ဗိုလ်ကြီးက အကုန်လုံးကို ဖမ်းလိုက်ပါတယ်။တိုင်မှာ ကြိုးတုပ်ပြီး အိမ်ကိုမီးရှို့လိုက်ပါတယ်။မီးရှို့လို့အော်တဲ့အချိန်မှာ ဆူနေတာပဲ ဆိုပြီး သူ့တပည့်ကို သွားပစ်ခိုင်းတယ်။မီးရှို့နေရင်းနဲ့ပဲ။ပစ်သတ်ခိုင်းလိုက်တယ်”ဟု လှိုင်မင်းက ပြောသည်။
အထက်ပါသတ်ဖြတ်ခံရသူတွင် သားအဖသုံးတို့ ဖြစ်သည်။
ပုစွန်မြောင်းရွာစာသင်ကျောင်းတွင် တွေ့ရှိသည့် (၃၀)အရွယ် အမျိုးသားတစ်ဦးကိုလည်း တပ်မ(၇၇) လက်အောက်ခံ ခမရ(၈)တပ်ရင်းမှ ကတုံးအမည်ရှိ တပ်သားက လည်လှီးသတ်ဖြတ်ရာတွင်း ၎င်းက သတ်ဖြတ်ခံရသူ၏ ဦးခေါင်းကို ကိုင်ပေးရကြောင်း လှိုင်မင်းက ထွက်ဆိုသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် မေလ ၁၂ရက်တွင် ရွက်လှကုန်းကျေးရွာသို့ရောက်ရှိကာ အဆိုပါကျေးရွာအနီးရှိ ရေဖြူကန်ကျေးရွာမှ နာရေးအိမ်တွင် PDF နေအိမ်ဟုဆိုကာ သတင်းပို့ခဲ့ရာတွင်လည်း ခမရ(၂၀)တပ်ရင်း မှ လက်နက်ကြီဖြင့် ပစ်ခတ်မှုကြောင့် နာရေးအိမ်မှ ပြည်သူသုံးဦးပွဲချင်းပြိး သေဆုံး ပြီး ၈ဦးထက်မနည်းဒဏ်ရာရရှိကြောင်း အသိပေးသည်။
၂၀၂၄ ဇူလိုင်ကလည်း ရေဖြူကန်ကျေးရွာသို့ ခမရ(၅၈၄)နှင့် အတူ တာဝန်ကျခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကာ သေဆုံးသူအရေအတွက်ကိုမသိရဟု ဆိုသည်။
“ခမရ(၅၈၄) တပ်ကို စောင့်ရပါတယ်။မိုင်းရှုးတပ်လို့ပြောတယ်။။ဒုတိယဗိုလ်မှူးကြီးလည်းပါတယ်။စစ်ကြောင်းမှူးလည်းပါတယ်။သုံးပွင့်ဗိုလ်လည်းတွေ့ရတယ်။ကျွန်တော်တို့ကို အရင်ရှင်းခိုင်းတယ်။ကျွန်တော်တို့လည်း ဝင်ရှင်းပေးတယ်။ရှင်းခိုင်းတဲ့အချိန် သူတို့လည်း ဝင်ပစ်တာရွာသားတွေထိကုန်တယ်။နောက်ကနေကားနဲ့ ဆွဲထုတ်သွားတယ်။ဘယ်ကုဘယ်လို လုပ်တယ်ဆိုတာတော့ကျွန်တော်မသိဘူး။ကျွန်တော်တို့က ရှေ့ကိုမဲနေရတော့ နောက်ကို ပြန်မသိနိုင်ဘူး။တပ်ကတော့ စာသင်ကျောင်းဘက်မှာ ထိုင်ထားခဲ့တယ်”ဟု လှိုင်းမင်းက ပြောသည်။
နောက်တစ်ရက်တွင် ရွာလုံးကျွတ် ခေါ်ထုတ်၍ ပြည်သူများအား ခမရ(၅၈၄)တပ်ရင်းက စစ်ဆေးခဲ့သည်ဟု ဆိုသည်။
“နောက်နေ့ မနက် ၈ နာရီကနေ ညနေလောက်ထိ ဧည့်စာရင်းစစ်တာပေါ့။ညနေခင်းထိအောင်မပြီးဘူး။စျေးသွားရောင်းကြတဲ့သူတွေလည်းရှိတယ်။အဲဒီရွာက အရောင်းအဝယ်သမားများတယ်။၄ နာရီခွဲ ၅နာရီလောက်မှာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ရွာခံတွေပေါ့။နေတိုးကနေပြီးတော့ ခင်ဗျားတို့ဒီအချိန်မှပြန်လာတာ ဘာလို့လဲပေါ့။စျေးရောင်းပြီး ပြန်လာတာလို့ဖြေကြတယ်။ဒီအချိန်နဲ့ဒီအချိန်စျေးရောင်းပြန်လာတာမဖြစ်နိုင်ဘူးဆိုပြီး ခင်ဗျားတို့ အကုန်ဒူးထောက်ဆိုပြီး ထောက်ခိုင်းထားတယ်။ဒီရွာမှာ ဒီလောက်ဖြစ်နေတာမသိဘူးလားဆိုပြီမေးတယ်။သူတို့လည်းသိပါတယ်။ဖုန်းနဲ့တက်သွယ်ပြီးမေးတော့ ဝင်လို့ရပြီလားဆိုတော့ရပြီဆိုလို့ သူတို့ဝင်လာခဲ့တာလို့ ပြောတယ်။မင်းတို့ကို မယုံဘူး။မင်းတို့က PDF ပဲဆိုပြီး နေတိုးကနေ။နေတိုးက ကောက်ကွေ့ရွာသား အများအားဖြင့်သိကြတယ်။တပ်က အဖွဲ့တွေလည်းရှိတယ်။ အဲဒီ ၉ ယောက်လုံးကို ပစ်ခိုင်းလိုက်တယ်။ပစ်သတ် လိုက်တယ်။မသင်္ကာလို့ပစ်တယ်လို့အထက်ကိုသတင်းပို့ လိုက်ပါတယ်။ခမရ ၂၀ ကို။သီဟိုရ်ခြံ ဘေးမှာ ရွာသားတွေခေါ်ပြီး တူးရပါတယ်။ရွာရဲ့ထိပ် မှာခွဲထွက်တဲ့လမ်းရှိပါတယ်။အဲဒီဘေးမှာအကုန်မြှုပ်ပြီး ရွာသားတွေကို နက်နက်တူးခိုင်းပြီးမြှုပ်ရပါတယ်။ယောကျာ်းခြောက်ယောက်၊ မိန်းမသုံးယောက်”ဟု ပျူစောထီးခေါင်းဆောင်က ထွက်ဆိုသည်။
ထို့အပြင် လယ်ယာလုပ်နေသည့် ရွာသားခုနစ်ဦးကိုလည်း ခမရ(၅၈၄)တပ်ရင်းက ပစ်သတ်ပြီး ၎င်းတို့ကို အလောင်းစွန့်ပစ်ခိုင်းခဲ့ကြောင်း ထွက်ချက်ပေးသည်။
“လယ်လုပ်ပြီးပြန်လာတဲ့ရွာသားခုနှစ်ဦးကိုပစ်လိုက်တယ်။လှမ်ပစ်ပြီးတော့ ဒုတပ်ရင်းမှူး ကိုသူတို့ကခေါ်တယ်။မင်းတို့လုပ်ပြီးပြီပဲ လုပ်ပြိးတဲ့အတိုင်းတစ်ခါ တည်းဖျောက်ခဲ့လိုက်ဆိုပြီးတော့ ပြောပါတယ်။ကျွန် တော်တို့ကို သွားခိုင်းပြီးသူတို့ကတစ်ယောက်လောက်ပဲလိုက်တယ်။အဲဒါတွေကို ကျွန်တော်တို့ကိုမြောင်းထဲ ပစ်ချခိုင်းတယ်”ဟု လှိုင်းမင်းက ပြောသည်။
ထို့အပြင် လက်ခုပ်ကန်နှင့် ရွက်လှကုန်းကျေးရွာမှ ပြည်သူကိုးဦးကိုလည်း ခမရ(၂၀)က စစ်ဆေးမှုပြုလုပ်မည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုရှိကြောင်း ၎င်းက ပြောသည်။
ညောင်လေးပင်မြို့နယ်တွင် ၎င်းရောက်ရှိခဲ့သည့်နေရာတိုင်း ကိုယ်ကျိုးစီးပွားအတွက် ပြည်သူများထံမှငွေညစ်ကာ အမျိုးသမီးများ ငွေပေးပျော်ပါးခဲ့သည့်အပြင် စစ်မှုထမ်းစုဆောင်းရာတွင် ပေါ်တာဆွဲခဲ့သည့် ရှစ်ကြိမ်အနက် အမျိုးသား ၃၈ ဦးရရှိခဲ့ကြောင်းလည်း လှိုင်မင်းက ဆိုသည်။
“ပြည်သူတွေအပေါ်ကျွန်တော် အပစ်တွေအများကြီး ကျူးလွန်ခဲ့ပါတယ်။အဲဒီအတွက်ကိုလည်း ကျွန်တော် အချိန်မှာ နောင်တရမိပါတယ်။နောင်တရမိတဲ့အတွက်လည်း ပြည်သူတွေက ပေးတဲ့ပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ခံယူပါမယ်”ဟု ၎င်းက ဝန်ခံသည်။
ပျူစောထီးခေါင်ဆောင်လှိုင်မင်းနှင့်အတူ ပျုအဖွဲ့ဝင်များဖြစ်သည့် မဲကြီး၊မင်းမော်ဦး(လှိုင်မင်း၏ သား)၊ကျော်ကျော်ဦး၊ သိန်းဌေးနှင့် လှိုင်မင်း၏ ဇနီးဖြစ်သူ ယမင်းတို့အား ဖမ်းဆီးထားကြောင်း တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်မြေ(၁)၊ အမှတ် (၂၇) စစ်ဗျူဟာတာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။၎င်းတို့အားဖမ်းဆီးစဥ် ကျိုက်ထီးရိုးဘုရားဖူးသွားသော ပြည်သူများကို PDF များက ဖမ်းဆီးသွားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
“ဥပဒေကြောင်းအရ သူ့ကို ကျွန်တော်တို့ ထိရောက်တဲ့ ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်မယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။
