ဧပြီ – ၁၂၊၂၀၂၅၊နိုင်ပကောင်း/People’s Spring
ငလျင်ကြီးကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ဘေး သဲသောင်ပြင် သင်္ကြန် ကိုဖျက်သိမ်းလိုက်ပေမယ့် လမ်းလျှောက် သင်္ကြန် ကျင်းပဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ် နေတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။
လမ်းလျှောက် သင်္ကြန်ကို ဘားအံမြို့ရှိ ချစ်သူလမ်းကြားမှာ ပြုလုပ်မှာဖြစ်ပြီး ကျင်းပမယ့် နေရာကို ယာယီပိတ်ထားပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။
အခုနှစ် သင်္ကြန်ကို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့က စည်ကားအောင် ဆိုပြီး သံလွင်မြစ်ဘေး မှာ နန်းဖော့အွာ သဲသောင်ပြင် သင်္ကြန် အဖြစ် တစ်လကြာ ကျင်းပဖို့ စီစဉ်ခဲ့တာပါ။

Public Service Announcement
ဒါပေမယ့် မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ငလျင်ကြီးကြောင့် မန္တလေး ၊စစ်ကိုင်း နဲ့ နေပြည်တော်အပါအဝင် ဒေသအချို့မှာ လူထောင်နဲ့ချီပြီး သေဆုံးခဲ့ရတာ ကို စစ်ကောင်စီက နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်ပတ် သတ်မှတ်ခဲ့ပါတယ်။
အဲဒီနောက် မန္တလေး၊ ရန်ကုန် နဲ့နေပြည်တော်က ဗဟို သင်္ကြန် မဏ္ဍပ်တွေကို ဖျက်သိမ်းခဲ့တာ ပြုလုပ်လာပါတယ်။
ကရင်ပြည်နယ်ကတော့ ငလျင်ဒဏ်ကြောင့် ထိခိုက် သေဆုံးမှု၊ပျက်စီးမှု နည်းပါးပါတယ်။
ဒါပေမယ့် ကရင်ပြည်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီလေတပ်က ပြုလုပ်နေဆဲဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာအများအပြား ရှိပါတယ်။
