မေ ၃၊၂၀၂၅။ထားမြတ်၊သတိုး/People’s Spring
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။
မေလ ၁ရက်တွင် ဟားခါးမြို့ရှိ ပြည်သူအဖြစ်ဟန်ဆောင် သတင်းထောက်လှမ်းယူနေသော စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။
ထို့ပြင် အပြစ်မဲ့ပြည််သူများကို ဒုက္ခမျိုးစုံပေးနေသော စစ်ကောင်စီအဖွဲ့ဝင်များအား လိုက်လံအရေးယူမည်ဟုလည်း CDF ဟားခါးက အသိပေးသည်။

Public Service Announcement
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိမှု၊ ဒေသ စစ်ရေး အခြေအနေများ မေးမြန်းရန် CDF ဟားခါးသို့ ဆက်သွယ်ထားဆဲဖြစ်သည်။
CDF ဟားခါးသည် ဧပြီ ၂၁ရက်ကလည်း ရဲ ၂ဦးကို ဖမ်းမိခဲ့သေးသည်။
ထိုသို့ ဖမ်းဆီးနိုင်ခြင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီကို စွန့်ခွာပြီး လက်နက်များ ယူလာကာ CDF ဟားခါးထံ ပူးပေါင်းလာသည့် ဖြစ်စဉ်များလည်း ဆက်တိုက်ရှိခဲ့သည်။
ဧပြီ ၁၃ရက်က ဟားခါးမြို့ရှိ ခလရ(၂၆၆)တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၃ဦး လက်နက်များ ယူလာပြီး အလင်းဝင်ခဲ့ဟု CDF ဟားခါးက အသိပေးထားသည်။
ဧပြီ ၆ရက်ကလည်း ဟားခါးမြို့တွင်းရှိ စစ်ကောင်စီ၏ ရဲတစ်ဦး လက်နက်နှင့်အတူ CDF ဟားခါးထံ အလင်းဝင်ခဲ့သည်။
အလင်းဝင်လာသူများကို ဆုငွေ ပေးအပ်သည့်အပြင် လုံခြုံရာ နေရာရောက်သည်အထိ တာဝန်ယူမည်ဟု CDF ဟားခါးက အသိပေးထားသည်။
