မေ-၃၊၂၀၂၅။ကဖေး/People’s Spring
စစ်ကောင်စီ နှင့် TNLA တို့၏ ကူမင်းဆွေးနွေးပွဲသဘောတူညီချက်မရကြောင်း TNLA ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက မိုးကုတ်မြို့ နှင့် နောင်ချိုမြို့ကို ဗုံးကြဲခဲ့သည်။
TNLA က ကူမင်းဆွေးနွေးပွဲအကြောင်းသတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပင်စစ်ကောင်စီကမေလ ၂ ရက် ည ၁၁နာရီ ၄၅မိနစ်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်း ဗဟင်းရွာနှင့် အနောက်ပိုင်းနှာ အုတ်အင်းရွာကိုဗုံးကြဲခဲ့သည်။
စစ်ကောင်စီက ပေါင်(၂၅ဝ)ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနှင့် ပြည်သူလူထုနေအိမ် ၆ လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု PSLF/TNLA ကမေ ၃ ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement
ထို့အပြင်မေလ ၃ ရက် နံနက်ပိုင်း၉ နာရီ ၂ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်၊ အနောက် ပိုင်း၊ ကသဲဘုန်းကြီးကျောင်းကို ဗုံးထပ်ကြဲခဲ့ရာအနည်းဆုံးလူတစ်ဦးသေဆုံးခဲ့သည်ဟုဒေသခံတဦး ကပြောသည်။
“ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်ရှိတယ်လို့ ကြားတယ်။ဗုံးက ဘယ်လောက်ပြင်းလဲဆိုရင် သူတို့ကြဲတဲ့နေရာနဲ့ ခပ်လှမ်းလှမ်း ပန်းရံဆရာကို ဗုံးစမှပြီး သေဆုံးတယ်။ ကျောင်းဘက်မှာ ထိခိုက်တယ်ကြားပြီး တိတိကျကျမသိရသေးပါ”ဟု မြို့ခံတစ်ဦးကပြောသည်။
အဆိုပါဗုံးကြဲမှုတွင်ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ်ပျက်စီးခဲ့ကြောင်း TNLA ကလည်းထုတ်ပြန်သည်။
ထိုအပြင်မေလ ၂ ရက် ညနေပိုင်းကလည်းTNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်မှ လုံဝယ်ရွာထဲသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။TNLAနှင့် စစ်ကောင်စီသည် နောင်ချိုမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။
တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် စစ်ကောင်စီတပ် နှင့် TNLA သည် အပစ်ရပ်စဲရန် ဧပြီလ ၂၈ နှင့် ၂၉ရက်တွင် တရုတ်ပြည်၊ ကူမင်းမြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ကောင်စီက TNLA သိမ်းပိုက်ထားသော မြို့ ၅ မြို့ကို ပြန်ပေးရန်တောင်းဆိုမှုအပေါ် သဘောမတူ၍ဆွေးနွေးပွဲရှေ့မဆက်နိုင်ဟု TNLA က ထုတ်ပြန်သည်။
စစ်ကောင်စီက TNLA နှင့် မဟာမိတ်များသိမ်းပိုက်ထားသည့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များမှ ထွက်ခွာပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အထိ ပြန်ဆုတ်ခွာရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီ၏ အဆိုပါ တောင်းဆိုချက်ကိုသဘောမတူနိုင်သဖြင့် ဆွေးနွေးမှု ရှေ့မတိုးနိုင်သေးဘဲလာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု TNLAက မေလ ၂ ရက်ညနေ ၃ နာရီခန့်တွင် ထုတ်ပြန်ခဲ့သည်။
လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့သည်ဟု TNLA ကဆိုသည်။
TNLA က အဆိုပါသတင်းထုတ်ပြန်ပြီးနောက်မိုးကုတ်မြို့တွင် ကင်းထောက်လေယာဉ်များဝဲနေခဲ့ပြီး လေကြောင်းဗုံးကြဲမှုများ ခပ်စိပ်စိပ်ပြုလုပ်နေခြင်းဖြစ်သည်။
TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင် အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့်လူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေကြောင်း TNLAက ထုတ်ပြန်ထားသည်။ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်နှင့်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLA က သတိပေးထားသည်။
