ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမားများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဗြိတိန်တောင်းဆို
မေ ၃၊ ၂၀၂၅။ အီယိုရီ/People’s Spring
မြန်မာနိုင်ငံ၏သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အလွန်ဆိုးရွားနေပြီးဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမားများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရန်ကုန်မြို့ ဗြိတိန်သံရုံးက တောင်းဆိုထုတ်ပြန်လိုက်သည်။
ယနေ့(မေ ၃)ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့(World Press Freedom Day)တွင် ဗြိတိန်အစိုးရက ပြည်သူများ၏ သတင်းလက်လှမ်းမှီနိုင်ခြင်းအပေါ် မြန်မာစစ်တပ်၏ ဖိနှိပ်မှုကို ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမားများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Public Service Announcement
“မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အလွန်ကိုမှ စိုးရိမ်စရာ ကောင်းတဲ့အခြေအနေရှိနေပါသေးတယ်။ အထူးသဖြင့် သတင်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ရင် အမှတ်ပေးတဲ့အခါ ၃.၈ ရာခိုင်နှုန်းကျဆင်းသွားတယ်။ ကျသွားတယ်ဆိုတာ သတင်းသမားတွေကို ရည်ရွယ်ချက်ရှိရှိ ကြီးလေးတဲ့၊ မီဒီယာနဲ့မဆိုင်တဲ့ အမှုတွေနဲ့ တရားစွဲဆိုနေတာတွေ၊ တရားလက်လွတ် ဖမ်းဆီးနေတာ၊ သတ်ဖြတ်နေတာတွေ ရှိနေတယ်ဆိုတဲ့ အခြေအ
နေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ယှဥ်ပြီး ပြောသွားပါတယ်” ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ ယခုနှစ် ညွှန်ကိန်းထုတ်ပြန်ချက်တွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၆၉ ၌ ရပ်တည်နေပြီး သတင်းလွတ်လပ်ခွင့်ဆိုးရွားသည့် အခြေအနေ အနီရောင် သတ်မှတ်ခံထားရသည်။
စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ညွှန်ကိန်းမှာ ယခင်နှစ် ၂၀၂၄ အဆင့် ၁၇၁ ထက် အဆင့် ၂ခုတက်လာသော်လည်း ကမ္ဘာပေါ်တွင် သတင်းသမားများကို ဖမ်းဆီးထောင်ချထားမှုမှာ တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။
ပြင်သစ်နိုင်ငံအခြေစိုက် RSF ၏ စာရင်းအရ မြန်မာနိုင်ငံတွင် လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမား ၆၁ ဦး ရှိပြီး ဧပြီပထမပတ်မှာပင် ဧရာဝတီတိုင်း၌ မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်။ မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကိုလည်း စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားသည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)၏ စာရင်းအရ သတင်းသမား ၄၀ဦးကို စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားပြီး အမျိုးသား ၃၃ဦးနှင့် အမျိုးသမီး ၇ဦးပါဝင်ကြောင်း သိရသည်။
သတင်းမီဒီယာများနှင့် သတင်းသမားများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ဟန့်တားခြင်းစသည့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးမှု မှန်သမျှကို အမျိုးသားညီညွတ်ရေးအစိုးရ NUGက အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ကြေညာသည်။
မှန်ကန်သော သတင်းအချက်အလက်များကို ဖုံးကွယ်လိမ်ညာလိုသည့် အကြမ်းဖက်စစ်တပ်သည် သတင်းမီဒီယာများကို ကန့်သတ် ပိတ်ပင်ခြင်း၊ သတင်းသမားများကို မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေကြောင်း NUG က ဖော်ပြသည်။
စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်သတင်းစာလွတ်လပ်ခွင့်မှာ တဖြည်းဖြည်းလျော့ပါးလာခဲ့ပြီး လက်ရှိတွင် မရှိသလောက်ဖြစ်နေပြီဟု ပြည်တွင်းရှိ သတင်းထောက်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်က၎င်းတို့ကိုအားပေးထောက်ခံသည့် မီဒီယာအမည်ခံများကိုသာ ၎င်းတို့၏ အာဘော်များကို ပြည်သူများအား အသိပေးနေသည့် ပုံစံဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာအခြေအနေကို အထက်ပါ သတင်းထောက်က ရှင်းပြသည်။
“သတင်းတစ်ခုအတွက် မြေပြင်အထိ သွားရောက်အတည်ပြုဖို့ဆိုတာထက် ဖုန်းလိုင်းနဲ့ အင်တာနက်မရတာကြောင့် အခက်အခဲတွေဖြစ်နေကြတယ်။ ဒါ့အပြင် စစ်တပ်နဲ့ မြို့ပေါ်က ပျူစောထီးတွေက ကိုယ့်မိသားစုကို ဒုက္ခပေးမှာကို စိတ်ပူကြရသလို အဲဒီလို ကိစ္စတွေလည်း ဖြစ်နေတယ်” ဟု ပြည်တွင်းရှိ သတင်းထောက်က ပြောသည်။
ထို့အပြင် စစ်တပ်၏ အကြောက်တရားသွင်းထားမှုကြောင့်ပြည်သူများမှာ ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်နေသည့် မတရားမှုများ၊ စစ်တပ်ရဲ့ ယုတ်မာမှုများကို ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့လာ၍ သတင်းထောက်များမှာ မတရားမှုများကို ခက်ခဲစွာ၊ နည်းလမ်းပေါင်းစုံဖြင့် သတင်းရေးသားနေရကြောင်း သိရသည်။
“အချိန်မရွေး စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှု ကြုံတွေ့နိုင်ပေမယ့် ပြည်သူတွေအပေါ် အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ရေးသားနေသေးတယ်။ တဖက်မှာလည်း စစ််တပ်က သတင်းသမားတွေကို သူတို့နဲ့ မသက်ဆိုင်တဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချမှုတွေနဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရမယ့် အခြေအနေတွေလည်း ရင်ဆိုင်နေကြရပါတယ်” ဟု သတင်းထောက်တစ်ဦးက ပြည်တွင်းရှိ သတင်းထောက်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေကို ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံသည် စစ်အာဏာရှင်ကြောင့် ပြည်တွင်းစစ်သာမက သဘာဝဘေးအန္တရာယ်ကိုပါ ကြုံတွေ့နေရသဖြင့် မှန်ကန်သည့် သတင်းရရှိမှုအပေါ်တွင် ပြည်သူများ၏ အသက်ရှင်ရေး၊ အကူအညီရရှိရေး၊ နေထိုင်ရေး စသည်တို့မှာ များစွာ မူတည်နေကြောင်း IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။
“ဒီလောက် အခက်အခဲကြုံနေရတဲ့ကြားက မရှိ၊ ရှိတာနဲ့ မဖြစ်၊ ဖြစ်အောင် မြေပြင်အခြေ အနေကို၊ ရတဲ့အခြေအနေကို ကိုယ့်ရဲ့အသက်အန္တရာယ်၊ အဖမ်းခံရမှာ မကြောက်ဘဲ မီဒီယာလုပ်ငန်းကို စွန့်စွန့်စားစားလုပ်နေတဲ့ လူမသိ၊သူမသိ သတင်းသမားသူရဲကောင်းတွေကို ဒီနေ့ ကမ္ဘာ့စာနယ်ဇင်းနေ့မှာ ဂုဏ်ပြုပါတယ်။ ရှေ့လျှောက်ပြီးလည်း ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့်ကို အတတ်နိုင်ဆုံး ဆက်လက်ဖြည့်ဆည်းပေးသွားဖို့ လိုအပ်နေပါတယ်လို့ ပြောပါရစေခင်ဗျ” ဟု ၎င်းက ဆိုသည်။
NUG ကလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ သဘောထား ရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည်လျက်တော်လှန်ရေးအင်အားစုများအားလုံးနှင့် ပူးပေါင်း လက်တွဲ၍ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမို တိုးပွားစေရေး ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာ့သမိုင်းတလျှောက် လူသေဆုံးမှု နှင့်ပျက်စီးဆုံးရှုံးမှု အများဆုံးစစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် နိုင်ငံတကာမှ သတင်းမီဒီယာများကသတင်းလာရောက်ရယူခွင့် တောင်းဆိုမှုများကိုလည်းစစ်ကောင်စီက ငြင်းပယ်ခဲ့သည်။ ထိုဖြစ်စဥ်မှာ စစ်ကောင်စီ၏ ကမ္ဘာသိ သတင်းမိဒီယာအပေါ် ပိတ်ပင်ကန့်သတ်မှု ၊သတင်းသိပိုင်ခွင့်အပေါ် ငြင်းပယ်မှုဖြစ်သည်။
