NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သရက် -ကံမ-မင်းတုန်း ပူးပေါင်းတပ်ဖွဲ့ Eagle Force အား သရက်ခရိုင်တပ်ရင်း (၄)အဖြစ် အတည်ပြုတာဝန်ပေးအပ်လိုက်ပြီဟု Eagle Forceက ပြောသည်။
သရက် -ကံမ-မင်းတုန်း ပူးပေါင်းတပ်ဖွဲ့ Eagle Force ကို ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်မှု (၁၇) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“တပ်ဖွဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ပေးအပ်လာမယ့် တာဝန်များကို ကျေပွန်အောင်ထမ်းရွက်ပြီး စစ်အာဏာရှင်စနစ် အပြီးပြတ်ကျဆုံးသည်အထိဆန့်ကျင်တော်လှန်သွားမှာဖြစ်ပါတယ်”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
တပ်ဖွဲ့၏ စစ်ရေးတိုက်ခိုက်မှု (၁၇)ကြိမ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၄ဦးနှင့် စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်ဟုဆိုသူလေးဦးကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။
၎င်းတို့တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အချိန်ထိ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏လမ်းညွှန်ဂိုက်လိုင်းများအတိုင်း ရပ်တည်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း တပ်ဖွဲ့ဝင်ရဲဘော် (၁၈)ဦး ကျဆုံးခဲ့ရကြောင်း အသိပေးထားသည်။
