ဧပြီ ၆၊ ၂၀၂၅၊ Scorpio/People’s Spring
မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မန္တလေးမြို့၊အမရပူရမြို့နယ်က ငလျင်ဘေးရှောင်စခန်းတွေမှာ ရေတွေဝင်ရောက်လာပြီး ငလျင်ဘေးဒုက္ခသည်တွေ နေထိုင်ဖို့အခက်အခဲတွေ တွေ့နေပါတယ်။
မနေ့က ဧပြီ ၅ ရက်ညပိုင်းနဲ့ ဒီမနက် ဧပြီ ၆ ရက် မနက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အမရပူရမြို့နယ်ထဲမှာရှိတဲ့ ငလျင်ဘေးရှောင်စခန်းတွေ မိုးရေတွေအများအပြား ဝင်ရောက်လာခဲ့ပါတယ်။ မိုးရေတွေကြောင့် ငလျင်ဘေးဒုက္ခသည်များ နေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
“ရေတွေက တဲတွေထဲအကုန်ဝင်နေတာ။ နေလို့မရတော့ဘူး။ အိမ်ကလည်းပြန်နေလို့မရသေးဘူး။”လို့ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
အခြားငလျင်ရှောင်စခန်းတချို့မှာလည်း မိုးရေတွေကြောင့် ယာယီတဲများနစ်မြုပ်နေတဲ့အတွက် ရေစုပ်စက်တွေနဲ့ ကိုယ်ထူကိုယ်ထ ရေထုတ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မနေ့ညကလည်း ငလျင်ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ တံတားဦးဒေသတွေမှာ မိုးရော၊လေပါ သည်းထန်ခဲ့တာကြောင့် ငလျင်ရှောင်ပြည်သူများ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသေးတယ်။
