close
Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်း‌ဆောင်အား ဘင်းမ်စတက်အစည်းအဝေး တက်ရောက်ခွင့်ပေးမှုအပေါ် ကန့်ကွက်ကြောင်းပြသရန် ထိုင်းရောက်မြန်မာများ အလုပ်မဆင်းရန်နှင့် အနက်ရောင်အဝတ်အစားများဝတ်ဆင်ကြရန် သပိတ်အင်အားစုများ တိုက်တွန်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ပြုလုပ်သည့် ဘင်းမ်စတက်(BIMSTEC)အစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အား တက်ရောက်ခွင့်ပြုသည့် သက်ဆိုင်ရာတာဝန်ရှိသူများကို ရှုတ်ချကြောင်း မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုများက ယနေ့(ဧပြီ ၃ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ဘင်းမ်စတက်(BIMSTEC)အစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အား တက်ရောက်ခွင့်ပြုသည့်အပေါ် ထိုင်း - မြန်မာလူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့(ဧပြီ ၃ရက်)က ဘန်ကောက်မြို့၌ ပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Reporters

ဧပြီ ၃၊၂၀၂၅။တေဇ/People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ပြုလုပ်သည့် ဘင်းမ်စတက်(BIMSTEC)အစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အား တက်ရောက်ခွင့်ပြုသည့် သက်ဆိုင်ရာတာဝန်ရှိသူများကို ရှုတ်ချကြောင်း မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုများက ယနေ့(ဧပြီ ၃ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ရိုဟင်ဂျာလူမျိုးများအား မျိုးတုန်းသတ်ဖြတ်ခြင်းအတွက် အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ် တရားရုံးမှ ရာဇဝတ်ဝရမ်း ထုတ်ပြန်ခံထားရပြီး၊ မြန်မာနိုင်ငံရှိ အရပ်သား ပြည်သူထောင်ပေါင်းများစွာအား သတ်ဖြတ်ခဲ့ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ငလျင်ဘေးဒဏ်သင့်နေချိန် ကာလတွင်ပင် အရပ်သားပြည်သူများအား ဆက်လက်သတ်ဖြတ်နေသည့် မင်းအောင်လှိုင်အား အစည်းအဝေး တက်ရောက်ခွင့်ပြုခြင်းသည် မြန်မာနိုင်ငံရှိ နစ်နာသူ ပြည်သူများအား စာနာမှုမဲ့ လျစ်လျူရှုခြင်းဖြစ်သဖြင့် BIMSTECအစည်းအဝေး၏ သက်ဆိုင်ရာတာဝန်ရှိသူများအား ရှုတ်ချသည်ဟု မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုများက သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်ကို မြန်မာ ၊ ထိုင်း ၊ အင်္ဂလိပ် ဘာသာသုံးမျိုးဖြင့် ဧပြီ ၃ ရက်ညတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင်သည် ယနေ့(ဧပြီ၃)ရက်‌တွင် BIMSTEC အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရောက်ရှိနေပြီး ဧပြီ ၄ရက်တွင် ယင်းအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

ထို့‌ကြောင့် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် အစည်းအဝေးပြုလုပ်မည့် ဧပြီ ၄ ရက်တွင် အလုပ်မဆင်းခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသရန်နှင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အနက်ရောင်အဝတ်အစားများဝတ်ဆင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသရန် တိုက်တွန်းထားသည်။

“စစ်အုပ်စုကို တရားဝင်မှုမပေးဖို့ အဓိကထားပြီး လှုံ့ဆော်စည်းရုံးနေတာဖြစ်ပါတယ်။မင်းအောင်လှိုင်စစ်ကောင်စီသည် အခု ငလျင်ဘေးအကြောင်းပြပြီးတော့မှ သူတို့ရဲ့ တရားဝင်မှုအတွက်ကို ခွေးတိုးပေါက်ကနေ အတင်းတိုးနေတယ်လို့ပဲမြင်တယ်ဗျာ”ဟု အထက်ပါအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဖိတ်ကြားသည့်အပေါ် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ်က ယင်းအစည်းအဝေးသို့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းသည် လွှဲမှားသည့် လုပ်ရပ်ဖြစ်ပြီး ထိုင်းနိုင်ငံသားများကိုယ်တိုင် မင်းအောင်လှိုင်ကိုလက်မခံကြောင်း ၎င်းက ဆိုသည်။

“အမှန်ကတော့ ဒီအချိန် ငလျင်ဒဏ်သင့်ပြည်သူ‌တွေကို ကူညီထောက်ပံ့ရမယ့်အချိန်ပါပဲ။ ဒီအတွက်ပဲအာရုံစိုက်ရမှာ ။ ဒါပေမယ့် မင်းအောင်လှိုင်ကိုယ်တိုင်က နိုင်ငံရေးအမြတ်ထုတ်တဲ့ လုပ်ရပ်တွေလုပ်နေတဲ့အခါကျတော့ ဒီလုပ်ရပ်ကို ထိုင်းမှာရှိတဲ့ သန်းနဲ့ချီတဲ့ မြန်မာတွေနဲ့ ထိုင်းပြည်သူတွေ အတူတွဲပြီး မင်းအောင်လှိုင်ကို ထိုင်းကနေ မောင်းထုတ်ပေးကြဖို့ အလေးအနက်ပန်ကြားလိုတယ်။ ဖမ်းဆီးပြီးတော့မှ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲတင်ဖို့ အလေးအနက်ပန်ကြားလိုပါတယ်။”ဟု ကိုနန်းလင်းက တောင်းဆိုသည်။

ဒေါက်တာတေဇာဆန်းက “ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူ ညီနောင်ရဲဘော်များနဲ့ ထိုင်းရောက် ရွှေမြန်မာတို့ခင်ဗျား။ နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ တစ်စတစ်စ ဝင်ဖို့ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်လိုက်ကြရအောင်ဗျိုး။ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။အရေးတော်ပုံ အောင်ရမည်”ဟု တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီခေါင်းဆောင်ကို ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တစ်ရက်တာအလုပ်မဆင်းခြင်း သို့မဟုတ် အနက်ရောင် အသုံးအဆောင်တစ်ခုခုဝတ်ဆင်ခြင်းဖြင့် ကန့်ကွက်ကြရန် တောင်းဆိုထားသည်။

“မင်းအောင်က ICCက ဝရမ်းတင်ခံရတဲံ သူပဲလေ။ ထိုင်းက လက်ရှိမှာတော့ ဒီမိုကရေစီနိုင်ငံပဲလေ။အဲဒီလို နိုင်ငံမှာ စစ်ရာဇတ်မှုကျူးလွန်ထားတဲ့သူ ရောက်လာတာဟာ ထိုင်းနိုင်ငံအတွက်လည်း မကောင်းဘူး။ ဖမ်းဆီးပြီး အရေးယူပေးရမယ်လို့ မြင်တယ်”ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့် အလုပ်မဆင်းသည့်လှုပ်ရှားမှုထက် အခြားကမ်ပိန်းများဖြင့်သာ ကန့်ကွက်သည့်လှုပ်ရှားမျိုးသာ ပြုလုပ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

” ကန့်ကွက်မှုထက် အခြေအနေတဲ့စာရင် ကမ်ပိန်းလိုမျိုး ဖြစ်စေချင်တယ်။ အလုပ်မဆင်းရဆိုတာက ထိုင်းရဲ့ ဥပဒေအရရှိနေသေးတော့ တအားကြီး မပြောချင်ဘူး။ အလုပ်မဆင်းနဲ့ဆိုတာက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖြစ်စေချင်တယ်။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးတာ၊ တန်ပြန်အရေးယူဆောင်ရွက်လာနိုင်တာ၊ အလုပ်ရှင်ရဲ့ ဖိအားတွေရှိလာနိုင်တယ်။ တော်လှန်ရေးအပေါ်မှာ ကိုယ့်ရဲ့စိတ်သဘောထားနဲ့ပဲ ဖြစ်စေချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီခေါင်းဆောင်ကို အစည်းအဝေးတက်ရောက်ခွင့်ပေးသည့်အပေါ် ထိုင်းပြည်သူများက ဆန့်ကျင်ရှုတ်ချသည်ဟု သိရသောကြောင့် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်‌တွင် ဖော်ပြထားသည်။

“ယခု အရေးတွင်လည်း ထိုင်းပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အဖိနှိပ်ခံ မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုများကို သွေးစည်းညီညွတ်မှုဖြင့် နားလည် ပါဝင်ပေးကြရန် ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်းရှိ လူထုလှုပ်ရှားမှု အင်အားစုများက တညီတညွတ်တည်း တိုက်တွန်း ပန်ကြားအပ်ပါသည်။” ဟု ထိုင်းပြည်သူများကို မေတ္တာရပ်ခံထားသည်။

ဘင်းမ်စတက်ထိပ်သီးညီလာခံတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားတက်ရောက်‌ စေသည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာအနေဖြင့် လွှတ်တော်ကို လာရောက်ရှင်းပြရန် လိုအပ်‌ကြောင်း ထိုင်းလွှတ်တော်အမတ်တစ်ဦးက ယနေ့ တောင်း‌ဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ ရောက်ရှိနေပါတယ်။

သတင်း

ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဘင်းမ်စတက်ထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာအနေနဲ့ လွှတ်တော်ကို လာရောက်ရှင်းပြဖို့ လိုအပ်တယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် ဘင်းမ်စတက်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။

သတင်း

ထိုင်နိုင်ငံမှာ ဧပြီ ၂ ရက်ကနေ ၄ ရက်အတွင်း ကျင်းပမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် လူကိုယ်တိုင်တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။