■စစ်ကောင်စီကအပစ်ရပ်စာချုပ်ချိုးဖောက်ပြီး ကြည်း၊ ရေ၊ လေအင်အားသုံးတိုက်ခိုက်နေကြောင်း AA နှင့်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်
စိုင်းနန်/People’s Spring
ပဲခူးတိုင်း၊ ပန်းတောင်းမြို့မှ ကပစ ကာကင်းစခန်းကြီးဖြစ်ပြီး စစ်ကောင်စီအင်အားအများအပြားဖြင့် အခိုင်အမာခံစစ်ပြင်ထားသော ညောင်ကျိုးဗျူဟာစခန်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီသည် အပစ်ရပ်စာချုပ်ကို မလိုက်နာဘဲ ကြည်း၊ ရေ၊ လေအင်အားသုံးတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေကြောင်း AA
ကသတင်းထုတ်ပြန်သည်။
ညောင်ကျိုးဗျူဟာစခန်းကုန်းအား မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဧပြီလ (၂) ရက်နေ့တွင်အပြီးသတ်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း AAကဧပြီလ ၅ရက်ညတွင် သတင်းထုတ်ပြန် အသိပေးသည်။ညောင်ကျိုးဗျူဟာစခန်းသည် စစ်ရေးအရ အလွန်အရေးပါသောစခန်းဖြစ်ကြောင်းစစ်ရေးလေ့လာသူများကပြောသည်။

Public Service Announcement
၁၆ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်ရန် အခွင့်အရေးရှိခဲ့သော်လည်း ဧပြီလ (၁) ရက်နေ့မှစ၍ တစ်ဖက်သတ်အပစ်ရပ်ခဲ့သောကြောင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ ထိုးစစ်ရပ်ခဲ့သည်ဟုထုတ်ပြန်ထားသည်။တစ်ဖက်သတ်အပစ်ရပ်ထုတ်ပြန်ချက်ကိုလေးစားလိုက်နာကြောင်း ပြသခဲ့ခြင်းဟုဖော်ပြထားသည်။
AA၊ MNDAAနှင့် TNLA တို့က ညီနောင်မဟာမိတ်ပူးပေါင်းသဘောတူညီချက်ဖြင့် ဧပြီလ (၁) ရက်နေ့မှစတင်ကာ တစ်လတာ တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
တစ်ဖက်သတ်အပစ်ခတ်ရပ်ရခြင်းမှာမတ်လ (၂၈) နေ့ရက်တွင် လှုပ်ခတ်ခဲ့သည့် (၇.၇) ရစ်(ခ်) တာစကေးအဆင့်ရှိ ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်များအပါအဝင် အခြားသော ဒေသအချို့မှ ငလျင်ဒဏ်သင့်ပြည်သူ လူထုများကို လူသားချင်းစာနာထောက်ထားသောစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့် ရှိသောကြောင့် ဖြစ်ကြောင်း AAက ရှင်းပြထားသည်။
ထုတ်ပြန်ချက်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက်တည်းတွင် ထိုးစစ်များ၊ တိုက်ပွဲများကို ဆက်လက်မပြုလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ကြောင်း၊စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင် တစ်ဖက်သတ်အပစ်ရပ်စဲကြောင်းကြေညာသည့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့နှင့် ၎င်းနေ့ရက်မတိုင်မီရက်များတွင်လည်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခ တပ်တော်တပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့်၊ စစ်သင်္ဘောများပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းများကို ယနေ့အထိပြုလုပ်နေခဲ့သည်ဟု ဆိုသည်။
ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားသောနေရာများမှ AA စစ်ကြောင်းများကိုလည်း နေ့တိုင်း တန်ပြန်ထိုးစစ်များ ဆင်နွှဲနေကြောင်း ထုတ်ပြန်ထားသည်။
အင်အားပြင်းငလျင်မလှုပ်ခတ်မီအချိန်အထိစစ်ကောင်စီအား ထိုးစစ်၊ တန်ပြန်ထိုးစစ်၊တုံ့ပြန်တိုက်ခိုက်မှုမျိုးကိုပြုလုပ်ခဲ့ပြီးတစ်ဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးသည့်နေ့မှစ၍စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကို မတုံ့ပြန်ဘဲဒဏ်ရာရ၊ အသက်စွန့်လွှတ်ခဲ့ရသော စစ်သည်တော်များရှိသည့်တိုင်ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ပါအတိုင်း တိကျစွာလိုက်နာခဲ့သည်ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင်ဧပြီလ (၂) ရက်တစ်ရက်တည်းတွင် Drop Bomb အရေအတွက် (၉၀) ကြိမ်ခန့် နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု (၆၀) ကြိမ်ထက်မက ရှိခဲ့သည်ဟု လည်းအသိပေးသည်။
ကျောက်ဖြူမြို့နယ်ရှိ သပြုတောင် ကျေးရွာ၊ ပြားတဲကျေးရွာ၊ ပြင်ရှည်ကျေးရွာအနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီ၏ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင်စစ်ကြောင်းများမှ အဓိကတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
ဧပြီလ ၃၊၄၊၅ရက်နေ့များတွင်လည်း စစ်ကောင်စီသည် သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် မြေပြင်စစ်ကြောင်းများမှအပြင်စစ်သင်္ဘော၊ဂျက်တိုက်လေယာဉ် များကိုပါအသုံးပြုပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာပတ်ဝန်းကျင်များသို့ လက်နက်ကြီး၊ ဒရော့ဗုံးများအပြင် ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောကြီးများပေါ်မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့အပြင်ဧပြီလ (၅) ရက်တစ်ရက်တည်း၌ Drop Bomb အကြိမ်အရေအတွက် (၆၀) ကျော် နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု (၅၀) ကြိမ်အထက်ရှိခဲ့သည်။
တိုက်ပွဲပြင်းထန်နေသော စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ဘက်တွင် စစ်ကောင်စီ၏ ရွှေမင်းဂံ ဆိပ်ကမ်းဘက်မှ ပေါက်တောမြို့၊ ငပြီကျွန်းဘက်သို့ (၁၂၀) မမ လက်နက်ကြီးများဖြင့် (၆) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။
ထို့အပြင် ယနေ့ ဧပြီလ (၅) ရက်၊ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ရိုးမတောင် တန်း ပေါ်ရှိ AAတပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ကောင်စီက Y12 ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်အသိပေးထားသည်။
စစ်ကောင်စီမှ ၎င်းတို့ကိုယ်တိုင် တစ်ဖက်သတ်ထုတ်ပြန်ထားသောအပစ်ရပ်ဆိုင်ရာပါ အကြောင်းအရာများ ကို လေးစားလိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများဖြင့် အဆက်မပြတ် တိုက်ခိုက်နေသည်ဟု အသိပေးသည်။
နောက်ဆက်တွဲတိုက်ပွဲသတင်းများကို ဆက်လက်အသိပေးသွားမည်ဟု AAက သတင်းထုတ်ပြန်ထားသည်။ AA၏ ယနေ့ထိုပြန်ချက်ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ သတင်းထုတ်ပြန် ရေးစာမျက်နှာတွင်လည်းထပ်ဆင်ထုတ်ပြန်ထားသည်။
ငလျင်ဘေး ကယ်ဆယ်ရေးအတွက်ဟုဆိုကာ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိယာယီအပစ်ရပ်မည်ဟု စစ်ကောင်စီက ဧပြီလ ၂ရက်၌ သတင်းထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေသည်။စစ်ကောင်စီ၏ အပစ်ရပ် ကြေညာချက်သည်လီဆယ်လှည့်ဖြားမှုသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။
