မသီတာ-စမ်းချောင်းရေးသားသည်
လွတ်မြောက်မှုတိုင်းဟာလွတ်လပ်မှုကိုအာမခံနိုင်တာမျိုး မဟုတ်ဘူးလို့ တချို့ဒေသတွေရဲ့ ဒေသခံတွေက သဘောပေါက်သထက် ပေါက်လာနေကြပါတယ်။ စကစလက်အောက်က လွတ်မြောက်တယ်လို့ ဆိုရာမှာ စကစရဲ့အမှုတော်ထမ်း လက်နက်ကိုင်တွေရဲ့ ရန်ကနေ လွတ်မြောက်သွားတာအထိပဲ အနက်အဓိပ္ပါယ်ဆောင်ပြီး ကျန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်မှုဆိုင်ရာ လူ့ရပိုင်ခွင့်တွေ ဆိတ်သုဉ်းနေဆဲ (ပိုပြီးဆိတ်သုဉ်းလာတာမျိုးထိ) ဖြစ်နေတာကို ကြားသိရမှာပါ။
စကစရဲ့ စစ်မှုမထမ်းမနေရ အဓမ္မမှုကနေ လွတ်မြောက်ကြပေမဲ့ လွှမ်းမိုးနယ်မြေကို တိုက်ခိုက်ရယူထားနိုင်တဲ့ လက်နက်ကိုင်အစုအဖွဲ့များရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတာကို ဒေသခံလူထုက ခံနေကြရတာတွေ ပိုပြီးကြားသိလာကြရပါတယ်။ ဒီတခါမှာ ပိုဆိုးတာက စကစအမှုတော်ထမ်းတွေကို စခတွေလို့ ချိုးနှိမ်ခေါ်ပြီးသူတို့လုပ်နေတာတွေကို ဗြောင်ဖွင့်ချကျိန်ဆဲသလိုမျိုးလုပ်မရဘဲ ဒေသခံတွေက ကြိတ်ခံနေကြရတာပါ။
ဒီ့ထက် ဆိုးတာက ‘ငါတို့ ဘုန်းမီးနေလ တောက်နေချိန်ပဲ။ ငါတို့ကို အာမခံနဲ့။ ငါတို့က အသက်ပေးပြီး အနစ်နာခံထားရတဲ့သူတွေ’လို့ပြောပြောပြီး ဒေသခံတွေအပေါ် သူရဲကောင်းစတိုင်လ် ချိုးပြကြတာ ဖြစ်ပါမယ်။ နေရာတိုင်းမှာ ဖြစ်တာ မဟုတ်ပေမဲ့ ဒီလိုအဖြစ်မျိုး လုံးဝမရှိဘူးလို့ မပြောနိုင်တာကို သတိထားမိကြမှာပါ။ ဒါကြောင့် လွတ်မြောက်မှုဆိုတိုင်း လွတ်လပ်မှုကို အာမ မခံနိုင်ဘူးလို့ ဆိုရတာပါ။

Public Service Announcement
ဒါဟာအာဏာလေဟာနယ်ကိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများနဲ့ အစားမထိုးနိုင်တဲ့အတွက် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေသာဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာတွေဟာ အာဏာသိမ်းပြီး လူထုကို နှိပ်စက်ညှင်းပန်းအကြမ်းဖက်တဲ့နည်းနဲ့ အုပ်ချုပ်ရေး တည်မြဲဖို့ အားထုတ်တဲ့ စကစမှာသာ တာဝန်အရှိဆုံးဆိုတာလည်း သတိပြုကြရပါမယ်။
ဘယ်တုန်းကမှဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေး၊ တရားစီရင်ရေးမျိုးကိုမကြုံတွေ့ဖူးလေတော့ လက်နက်နဲ့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြေမှာ ဘယ်လိုလုပ် ဖက်ဒရယ်ဒီမိုကရေစီနည်းကျ အုပ်ချုပ်စီရင်နိုင်မှာပါလိမ့်။ ဒီတော့ ရှေ့က စကစများရဲ့ လုပ်နည်းကားကို ကိုးကားပြီး ဆက်လုပ်တဲ့ အပြုအမူ၊ အပြောအဆိုမျိုးတွေကို တွေ့ကြရတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။
ထူးဆန်းတာကတော့အဲဒီလိုလွတ်မြောက်နယ်မြေတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံရေးကို ပေါ်ပေါက်လာအောင် လုပ်မယ်၊ တနိုင်တပိုင် နယ်မြေအပိုင်းအခြားတစ်ခုမှာ ကိုယ့်လူနဲ့ကိုယ် အုပ်ချုပ်စီမံမယ်၊ ဗဟိုအစိုးရဆိုတာအလိုမရှိ၊ ဘာမှလာမစွက်ဖက်နဲ့လို့ နယ်မြေအခြေစိုက် မာန်မာနတွေ တပွေ့တပိုက်နဲ့ အနာဂတ်ဖက်ဒရယ်ဒိမိုကရေစီဆိုတာကို တည်ဆောက်ဖို့ တွေးတောလာကြတာပါ။ ဒေသအလိုက် သိမ်းပိုက်နယ်မြေတွေ အတည်ပြုနိုင်ပြီးရင်ဒေသအလိုက် စိတ်ကူးစီစဉ်ထားတဲ့ အုပ်ချုပ်စီရင်မှုတွေကို ဒေသအလိုက် စုဖွဲ့ထားသူတွေနဲ့ စိတ်တိုင်းကျအုပ်ချုပ်စီရင်နိုင်ရင် အောက်ခြေကနေ အပေါ်ကို တက်တဲ့ ဖက်ဒရယ်ဖြစ်လာမယ်လို့ တွေးကြတာပေါ့။
ဒီနေရာမှာစကစအမှုတော်ထမ်း၊စကစဘက်တော်သားတွေက ရုရှ၊ ဘယ်လာရုခရီးစဉ်အပြီး ဘင်းမ်စတက်ကို ဖိတ်ခံလာရတာကို ကြည့်ပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေး ကျယ်ပြန့်လာအောင် နေပြည်တော်မှာ ငြိမ်းချမ်းရေးအမည်ခံ ဆွေးနွေးပွဲတွေ ကျင်းပလာတာ၊အဲဒီပုံစံမျိုးဆက်ရွေ့ဖို့ အားထုတ်လာတာတွေရဲ့တွေးပုံတွေးနည်းအခြေခံကို သတိရစရာပါ။ သူတို့ တွေးနေတာကနိုင်ငံတကာမှာ လူရာဝင်လာအောင် လုပ်နိုင်လာရင် သူတို့ ဖြစ်ချင်သလို ရွေးကောက်ပွဲကို လုပ်နိုင်မယ်၊ အသိအမှတ် ပြုမှုတွေ ရလာနိုင်မယ်၊ ဒါဆို ၂၀၂၁ ကတည်းက စပြီး သူတို့ လုပ်ခဲ့သမျှ ရာဇဝတ်မှုတွေဆိုတာ ပျောက်ကွယ်သွားမယ်။ အာဏာကိုလည်း ဆက်ထိန်းထားနိုင်မယ်ဆိုတာမျိုးပေါ့။ တကယ့်လက်တွေ့မှာတော့ တကမ္ဘာလုံးက နိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် ပြည်တွင်း လူထုက အသိအမှတ်မပြုရင် ဘာမှ ဆက်ရွေ့အောင် မလုပ်နိုင်ပါဘူး။ ကိုယ့်ဘာသာ တွက်ရေးနဲ့စက်သူဌေးဖြစ်ချင်တဲ့ အတွေးမျိုးပေါ့။
ဒီလိုပါပဲ။ ဒေသအလိုက် စိုးမိုးလွှမ်းမိုးထားနိုင်တယ်ဆိုဦး၊ တတ်သိသူများနဲ့ သေချာဖွဲ့စည်းပြီး အုပ်ချုပ်စီမံဖို့ အားထုတ်တယ်ဆိုဦး၊ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း မခံရဘူးလို့ တွက်လိုက်ပစေဦး အဲဒီရထားတဲ့ လွတ်မြောက်မှုဆိုတာ ပူဖောင်းထဲက လွတ်မြောက်နေမှုမျိုးပဲ ဖြစ်နေမှာပါ။ အရပ်ဘက်အုပ်ချုပ်စီရင်ရေးမျိုးထိ မသွားနိုင်ရင် ဒါမှမဟုတ် ဒေသတွင်း အခွန်ကောက်တာမျိုး (ဒေသခံလူထုဆီက ဖျစ်ညှစ်ယူတာမျိုး) လောက်နဲ့ အုပ်ချုပ်စီရင်သူဒေသန္တရအစိုးရဆိုတာတွေရဲ့ စီးပွါးအခြေခံကို တည်ဆောက်မယ်ဆိုရင် အဲဒီပူဖောင်းဟာ အချိန်မရွေး ပေါက်ထွက်သွားနိုင်လောက်အောင် အာမခံချက် ရှိမနေပါဘူး။ လက်ရှိအနေအထားမရောက်ခင် အခြေအနေမှာ အဲဒီလိုဒေသအလိုက် ပူဖောင်းတွေလို သီးခြားရပ်တည်ရှင်သန်နိုင်အောင် အခြေခံအဆောက်အအုံတွေမှ မရှိနေခဲ့ဘဲ။
ဒါကြောင့် စစ်ရေးအရ သိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါစစ်ကိုသာ အနိုင်ရပေမဲ့ ဒေသခံလူထုကို ကိုယ့်ဒေသအပြင်ဘက်ထိ စစ်ရှောင်နိုင်ဖို့ လုပ်ပေးရတာပါပဲ။တချို့ဒေသတွေမှာ မူလဒေသခံတွေဟာ နေရင်းအရပ်ကိုပြန်မလာနိုင်ဘဲစစ်ရှောင်တွေကို ကြည်ဖြူစွာ လက်ခံပေးတဲ့ တခြား(မလွတ်မြောက်သေးတဲ့)ဒေသတွေဆီ ပြောင်းရွှေ့အခြေချလာရပါတယ်။ တနည်းအားဖြင့် လက်နက်ကိုင်မတိုက်နိုင်သူတွေဟာမလွတ်မြောက်ရာအရပ်ဆီ ခိုလှုံမှ လုံခြုံရမယ့် အခြေအနေမျိုးကိုစကစက လုပ်ထားနေပြီးဖြစ်ပါတယ်။ပူဖောင်းထဲမှာလွတ်မြောက်တယ်ဆိုတာ လက်နက်ကိုင်တွေက နယ်မြေသိမ်းပိုက်ပြီး အဲဒီနယ်မြေထဲက လူထုတချို့က တခြားနေရာဒေသမှာ သွားနေနေရတာကို လွတ်လပ်မှုလို့ ထင်နေကြတာမျိုးပေါ့။ ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုကိစ္စတွေအတွက် ကုန်သွယ်စီးပွါးကိစ္စတွေအတွက် ကိုယ်ပိုင်ဘဏ်စနစ်၊ အခြေခံအဆောက်အအုံစတဲ့ သီးခြားလုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးက မရှိသေးလေတော့ နယ်မြေအခွံသာသာပဲ လွတ်မြောက်နေသလိုပါ။ အဝေးရောက်နေသူတွေနဲ့ မလှမ်းမကမ်း ရောက်နေသူတွေရဲ့ စိတ်ကူးပုံဖော်ထားတဲ့ ဦးဆောင်သူအစုအဖွဲ့ဆိုတာမျိုးရဲ့ စီမံခန့်ခွဲမှုကို ပူဖောင်းထဲ ကြိတ်မှိတ်တောင့်ခံနေကြတဲ့ လူထုက လက်ခံလိုက်နာရမှာမျိုးလည်း ဖြစ်လာနိုင်တာပါ။ အဲဒါကို အောက်ခြေက ဖြစ်တည်လာတဲ့ လွတ်လပ်မှုပဲ၊ ဖက်ဒရယ်အခြေခံယူနစ် တည်ဆောက်မှုပဲလို့ ခံယူမယ်ဆိုရင် ဘယ်လောက်လက်တွေ့ကျမလဲဆိုတာလည်း ထည့်တွက်ကြရမှာပါ။ ဒေသခံလူထုအားလုံးကို တပြေးညီ လွတ်လပ်မှု(နိုင်ငံရေး၊လူမှုစီးပွါးရေးဆိုင်ရာ)မျိုး မပေးနိုင်ဘဲ နဲ့ ငါတို့ အုပ်ချုပ်လို့ ရပြီ၊ အုပ်ချုပ်စရာ နယ်နမိတ်တစ်ခု ရှိနေပြီ၊ အဲဒီအပေါ် အခြေခံပြီး ကျန်တဲ့ တခြားလွတ်မြောက်နေတဲ့ ပူဖောင်းတွေနဲ့ ပေါင်းမလား၊ မပေါင်းဘူးလားဆိုတာ ငါတို့ဘဲ ဆုံးဖြတ်မယ်လို့ တွက်ရေးနဲ့ စက်သူဌေး ဖြစ်နေကြသလိုပေါ့။
ခုချိန်မှာလွတ်မြောက်မှုနဲ့လွတ်လပ်မှုကိုခွဲခြားနားလည်ဖို့အရေးကြီးပါတယ်။ ဒေသအလိုက် လွတ်မြောက်ဖို့အတွက် စစ်ရေးဟာ အရေးကြီးကောင်းကြီးမှာဖြစ်ပေမဲ့ တော်လှန်ရေးရဲ့ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှရဲ့ လက်အောက်က လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို လူတစ်ဦးချင်းအဆင့်ထိရပြီး လွတ်လပ်သွားဖို့ကတော့ စစ်အနိုင်ရရုံနဲ့၊ တတ်သိပညာတွေ ရှိတဲ့သူတွေက စိတ်ကူးထားတဲ့ အုပ်ချုပ်စီရင်မှုတွေ ပေါ်ပေါက်လာရုံနဲ့ မရနိုင်ပါဘူး။
စကစနေရာကနေ ဗျူဟာချကြည့်ရင်ပူဖောင်းတွေများသထက်များလာလေ သူတို့အတွက် အလုပ်ဖြစ်လေပါ။ နဂိုကတည်းက တိုင်းပြည်ကြီး ပြိုကွဲမှာစိုးလို့ တပ်မတော်ဟာ နိုင်ငံရေးမှာ ပါနေရတာလို့ဆိုသကိုး။ နိုင်ငံတကာကိုစည်းရုံးတဲ့အခါလည်း သက်သေတွေ ရတာပေါ့။ ကြည့်ပါလား၊ ဟိုမှာဒီမှာပူဖောင်းတွေများလာပြီး ပူဖောင်းချင်းတောင် ပွတ်တိုက်နေတာလို့ လက်ညှိုးထိုးလိုက်ရုံပဲ။ အဲဒါအပြင် နှစ်ခြောက်ဆယ်ကျော်ဝါရင့်သမ္ဘာရင့် ဝါဒဖြန့်ချိရေးသမား စကစအဖို့ကတော့ အဲဒီလို ပူဖောင်းတွေအများကြီး ဖြစ်လာအောင် ထူထောင်ချင်လာအောင် (အထူးသဖြင့်) ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ ကစားကွက်တွေ ဖန်တီးလိုက်ရုံပေါ့။ သူ့ကို အခြိမ်းခြောက်နိုင်ဆုံးအစုအဖွဲ့ရဲ့ဂုဏ်သရေညှိုးပြီး ပြည်တွင်းပြည်ပ ထောက်ခံမှု ကျဆင်းအောင် နည်းပေါင်းစုံနဲ့ လုပ်မယ်။ ဒလန်သူလျှိုတွေကတဆင့်အပုပ်ချမှုတွေကိုအားစိုက်မယ်။ အဲဒီလိမ်လုံးညာလုံးကိုမီဒီယာတတ်မြောက်မှုကိုယ်ခံအားနည်းတဲ့ လူတွေက ယုံရင် သူ အလုပ်ဖြစ်ပြီ။
နောက်ထပ် ပညာခန်းကတော့ ပူဖောင်းလေးတွေနဲ့မှ နေသာပျော်ရှာတဲ့ လူထုထဲ ပူဖောင်းတွေဖောင်းပွသထက် ဖောင်းပွအောင် လုပ်တာမျိုးပေါ့။ ဒီတော့ လူမျိုးရေးအခြေခံပြီး ပူဖောင်းတွေ ပွါးကြတယ်။ ဗမာမှာတောင် ဗမာပြည်နယ်တစ်ခုထဲဆိုတာမျိုး မဖြစ်အောင် တိုင်းဒေသအလိုက်ပူဖောင်းတွေ ပေါ်လာအောင် ဘေးတီးတာတွေထဲဝင်ပါရတယ်။ အဲဒီထက် ပိုပြီးလိုအပ်လာတော့ အသက်မွေးဝမ်းကျောင်းအလိုက် ဘာအလိုက် ညာအလိုက် ပူဖောင်းရောင်စုံကြီးသေး မပေါ်ပေါ်အောင် အားထုတ်ရတာပေါ့။ ခက်တာက သူ့ဗျူဟာကို တချိန်လုံး ခံလာရတဲ့တိုင်အမှတ်အသား မရှိရှာတဲ့လူတွေဟာသေးသေးကြီးကြီးပူဖောင်းတခုခုထဲ ဝင်နေမှ အဆင်ပြေမယ်လို့ ထင်ကြတုန်းပဲ။
ဒီလိုနဲ့ပဲ စကစလည်း တော်လှန်ရေးရောင်စုံပူဖောင်းတွေ ကြည့်ပြီးပျောက်ဆုံးလုဖြစ်နေတဲ့သူ့ကိုယ်သူ ယုံကြည်ချက်ကို ပြန်ယူနေပုံပေါ်ပါတယ်။ တော်လှန်ရေးဘက်သားတွေကတော့ဘေးက၊ ပြင်ပက၊ ပြည်ပကဘာပယောဂမှ ဝင်မလာနိုင်တော့မယ့်အတိုင်း ပူဖောင်းတွေထဲကနေ ကိုယ့်စိတ်ကူးထဲက ပန်းတိုင်ကိုပဲခေါင်းစိုက်ဦးတည်နေပြီး ကိုယ့်စိတ်တိုင်းကျ ဦးဆောင်မှုတွေ မရမချင်း ဝေဖန်လေကန်ငြင်းခုန်ကြအံ့ဆိုတဲ့သတ္တိတွေကောင်းနေလေရဲ့။ ။
