close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့ကို ထရမ့်က ကုန်သွယ်ခွန် စည်းကြပ်မှု အများအပြား သတ်မှတ်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုန်သွယ်အခွန်အခ မြှင့်တင် စည်းကြပ်မှု အစီအမံတွေမှာ မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ဟာ အခွန်ရာခိုင်နှုန်း မြင့်မြင့်မားမား စည်းကြပ်ခံရမယ့် စာရင်းထဲ ပါဝင်လာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုန်သွယ်အခွန်အခ မြှင့်တင် စည်းကြပ်မှု အစီအမံတွေမှာ မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ဟာ အခွန်ရာခိုင်နှုန်း မြင့်မြင့်မားမား စည်းကြပ်ခံရမယ့် စာရင်းထဲ ပါဝင်လာပါတယ်။

ဧပြီ ၂ ရက်နေ့တုန်းက ထရမ့်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံပေါင်း ၁၀၀ လောက်အပေါ် အခွန်တိုးမြှင့် စည်းကြပ်မယ့် စာရင်းအသစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ စာရင်းတွေအရ အမေရိကန်ကို တင်သွင်းမယ့် ကုန်စည်တွေရဲ့ တန်ဖိုးအပေါ် မူတည်ပြီး ကွဲပြားတဲ့ အခွန်စည်းကြပ်မှု ပမာဏတွေ သတ်မှတ်မှာ ဖြစ်ပါတယ်။

စစ်အာဏာ သိမ်းမှုကြောင့် လေးနှစ်ကျော်ကြာ ပြည်တွင်းစစ်နဲ့ ရုန်းကန်နေရပြီး စီးပွားရေး ယိမ်းယိုင် ကျဆင်းနေတဲ့ မြန်မာနိုင်ငံဟာ ထရမ့်ရဲ့ အခွန်စည်းကြပ်မှုနှုန်း မြင့်မားတဲ့ နိုင်ငံတွေ စာရင်းမှာ ပါဝင်ခဲ့ပြီး ကုန်စည်တွေရဲ့ ၄၄ ရာခိုင်နှုန်း အခွန်စည်းကြပ် ခံရမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားကတော့ ၄၉ ရာခိုင်နှုန်း အခွန်မြှင့်တင်မှုကို ခံရပြီး ကုန်းပိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ လာအိုအတွက် အခွန်စည်းကြပ်နှုန်းကို ၄၈ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ အဲဒီ နှစ်နိုင်ငံနောက်မှာ ဗီယက်နမ်က အခွန်စည်းကြပ်ခံရမှု ၄၆ ရာခိုင်နှုန်းနဲ့ တတိယအဖြစ် ရပ်တည်ပြီး မြန်မာကတော့ စတုတ္ထ ချိတ်ခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ထိုင်းကလည်း အခွန်စည်းကြပ်မှု ၃၆ ရာခိုင်နှုန်း သတ်မှတ်ခံရမှာဖြစ်ပြီး အင်ဒိုနီးရှားကတော့ ၃၂ ရာခိုင်နှုန်း ကြုံတွေ့ရမှာပါ။ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက်လို့ ထရမ့်က သတ်မှတ်ထားတဲ့ တရုတ်ဟာလည်း သွင်းကုန်တွေရဲ့ တန်ဖိုး ၃၄ ရာခိုင်နှုန်းထိ အခွန်မြှင့်တင်မှု ခံရမှာပါ။ တရုတ်ဟာ ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက သွင်းကုန် အခွန်မြှင့်တင်မှု ၂၀ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ကြုံတွေ့ထားပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကို အမေရိကန်က ကုန်သွယ်ရေး အခွန်အခတွေ တိုးမြှင့်စည်းကြပ်တာဟာ အဲဒီဒေသအပေါ် ဩဇာလွှမ်းမိုးတဲ့ တရုတ်ကို ထိုးနှက်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေအပေါ် အခွန်စည်းကြပ်မှုနှုန်း မြင့်မြင့်မားမား သတ်မှတ်လိုက်တာဟာ အဲဒီနိုင်ငံတွေရဲ့ ပို့ကုန်တွေအပေါ် ပစ်မှတ်ထားပြီး တရုတ်ကို ထိခိုက်စေဖို့ ရည်ရွယ်ထားတာမျိုး ဖြစ်နိုင်တယ်လို့ စင်ကာပူ အခြေစိုက် နိုင်ငံတကာ ကုန်သွယ်ရေး သုတေသီ ဒေါက်တာ ဆီဝါဂီ ဒါမာ နီဂါရာက ပြောပါတယ်။

ထရမ့်ရဲ့ ပစ်မှတ်ဟာ တရုတ်ဖြစ်ပေမယ့် ဆက်စပ် နိုင်ငံတွေ အတွက်လည်း အကြီးအကျယ် ထိခိုက်နိုင်ခြေ ရှိကြောင်းလည်း သူက ဆိုပါတယ်။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှုနှုန်း မြင့်မြင့်မားမား ကြုံရတဲ့ထဲမှာ အာဖရိက နိုင်ငံတချို့လည်း ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကတင် ကမ္ဘာပေါ်မှာ ဘယ်သူမှ မကြားဖူးဘူးလို့ ထရမ့်က ပြောဖူးတဲ့ လီဆိုသို နိုင်ငံဟာ အခွန်စည်းကြပ်မှု ၅၀ ရာခိုင်နှုန်းထိ သတ်မှတ်ခံရပြီး မာဒါဂါစကာ နိုင်ငံက ၄၇ ရာခိုင်နှုန်း၊ ဘော့ဆွာနာက ၃၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အာရှတောင်ပိုင်းမှာတော့ သီရိလင်္ကာဟာ အခွန်စည်းကြပ်မှု ၄၄ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး ဖြစ်ပါတယ်။ ဥရောပမှာတော့ ဆာဘီးယားက ၃၇ ရာခိုင်နှုန်းနဲ့ ဒေသတွင်းမှာ အမြင့်ဆုံးအဆင့် ရပ်တည်နေပါတယ်။

ထရမ့်ကတော့ အဲဒီလိုမျိုး အခွန်စည်းကြပ်မှု အသစ်တွေ သတ်မှတ်ကြေညာတဲ့ နေ့ဟာ အမေရိကန် သမိုင်းမှာ အထူးကဲဆုံး၊ အရေးအပါဆုံး နေ့တစ်နေ့လို့ ကြွေးကြော်ခဲ့ပါတယ်။

အခွန်စည်းကြပ်မှုတွေ အင်နဲ့အားနဲ့ မြှင့်တင်ပြီး အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို ကုစားဖို့ ဆိုတာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ မဟာဗျူဟာ ကတိတစ်ခု ဖြစ်ပါတယ်။ တခြားတစ်ဖက်မှာတော့ ရုတ်တရက် အခွန်တွေ မြှင့်တင်လိုက်ခြင်းကြောင့် သွင်းကုန် တင်သွင်းသူတွေက စျေးနှုန်းတွေကို လိုက်မြှင့်မှာ ဖြစ်တဲ့အတွက် ကုန်စျေးနှုန်း တက်လာတဲ့ဒဏ်ကို သုံးစွဲသူတွေနဲ့ စီးပွားရေး လုပ်ငန်းတွေက အရင်ဆုံး ခံစားရမှာဖြစ်ပြီး စီးပွားရေးအရ နှောင့်နှေးထိခိုက်မှုတွေ ရှိလာနိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက သတိပေး ထောက်ပြထားကြပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ကမ္ဘာလုံးကို ကုန်သွယ် စီးပွားရေး ကဏ္ဍမှာ အကြီးအကျယ် ဂယက်ထစေမယ့် သိမ်းကြုံး အခွန်စည်းကြပ်မှု အသစ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တတိယ သမ္မတ သက်တမ်း တာဝန်ယူနိုင်ခွင့်အတွက် စဉ်းစားနေတယ် ဆိုတာဟာ နောက်ပြောင်တာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် အတော်လေး စိတ်ကုန်စ ပြုလာသလို ဒေါသလည်း ထွက်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ နိုင်ငံတကာ အထောက်အပံ့ ရန်ပုံငွေတွေကို ရပ်စဲတော့မယ်လို့ သမ္မတ ဒေါ်နယ်လ် ထရမ့်က ကြုံးဝါးနေချိန် ကတည်းက တရုတ်ဟာ အဲဒီ ဟာကွက်ကို ဝင်ဖြည့်ပြီး အမြတ်ထုတ်လာနိုင်တယ်လို့ ဝေဖန် ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။