■သတင်းမျိုးစုံထွက်နေသော်လည်း MNDAA နှုတ်ဆိတ်နေခြင်းအပေါ် ဒေသခံပြည်သူများမေးခွန်းထုတ်
ဧပြီ-၅၊၂၀၂၅။ဟန်နွေ၊စိုင်းနန်း/People’s Spring
ကိုးကန့်တပ်မတော်(MNDAA) အနေဖြင့် လားရှိုးမြို့မှ မဖယ်ပေးပါက မြို့ကြေမွှပျက်စီးအောင် လေကြောင်း တိုက်ခိုက်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခြင်း၊ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များ ပိတ်မည်ဟု ခြိမ်းခြောက်ခြင်း အပြင် အခြား မသိနိုင်သည့် ဖိအားများကြောင့် MNDAA က လားရှိုးမှ ဖယ်ပေးမည့် အခြေအနေဖြစ်လာကြောင်း MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာလားရှိုးမြို့မှ စစ်တပ်စခန်းများ ၊တပ်ရင်းဌာနချုပ်များကို MNDAA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ ဇူလိုင်လတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဩဂုတ်လဆန်း၌ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ MNDAA နှင့် မဟာမိတ်များသိမ်းပိုက်ပြီးနောက် စစ်ကောင်စီကအကြိမ်ကြိမ်လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် တရုတ်အစိုးရ၏ဖိအားပေးမှုဖြင့်MNDAAက စစ်ကောင်စီ နှင့် အပစ်ရပ်စဲရေး ဆွေးနွေးမှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့ရပြီး ၂၀၂၅ ဇန်နဝါရီတွင် နှစ်ဖက် အပစ်ရပ်စဲခဲ့သည်။

Public Service Announcement
ယခုအခါ ဧပြီလ တတိယပါတ်တွင်လားရှိုးမြို့သို့ စစ်ကောင်စီ၏ အုပ်ချုပ်ရေး အဖွဲ့များ ပြန်လည်ဝင်ရောက်မည့် အခြေအနေများ ရှိလာခဲ့ကြောင်း သတင်းများရင်းမြစ်ကအချို့က ပြောသည်။ ဧပြီ ၂၂ရက်တွင် စစ်ကောင်စီ၏ လ၀က၊ ပညာရေးနှင့် ကျန်းမာရေး ဌာန က ဦးစွာဝင်လာမည်ဟု သတင်း
ရင်းမြစ် တစ်ဦးက ပြောသည်။
ထို့သို့ ပြန်မဆုတ်ပါကစစ်ကောင်စီကလေကြောင်း
ဗုံးကြဲမည်ဟု အကြပ်ကိုင်ခဲ့ပြီး တရုတ်က နယ်စပ်ဂိတ်များအပါအဝင် ပိတ်ဆို့ဖျက်တောက်မှုမျိုးစုံ
လုပ်မည်ဟု ဖိအားပေးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
MNDAAနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “စကစဘက်က မဖယ်ဘူးဆိုရင် Air Strike ကို မြို့ကြေအောင်လုပ်မယ့်အထိ သူတို့ ခြိမ်းခြောက်ထားတာရှိတယ်။ ပြီးတော့ အဓိကတော့ ဖြတ် ၄ဖြတ်ပေါ့။ စကစကလည်းဖြတ်မယ် တရုတ်ကလည်း ဂိတ်တွေပြန်ပိတ်လိုက်ရင် ပြည်သူတွေ အားလုံးဒုက္ခရောက်မယ်ပေါ့နော်။ အဲဒီလို ဖြတ် ၄ဖြတ်ရော၊ Air Strike ရောဆိုရင် မြို့က အရမ်းကို စုပ်ပြတ်သတ်သွားမယ်။ အဲဒါကြောင့်လည်း ပါပါတယ်။ ပြီးတော့ ကျနော်တို့ မသိနိုင်တဲ့ဖိအားတွေ တော်တော်များများ ရှိတယ်လို့ ကြားတယ်ဗျ။ကြားထဲမှာတခုခုထူးဖို့ ရှိမယ်လို့မျှော်
လင့်တယ်ဗျ။ဒီလိုဆုတ်မယ်ဆိုတာကလည်း နိုင်ငံ
ရေး ဆိုတော့လည်း တချို့ နိုင်ငံရေးစကားကွက်တွေရှိတယ်ဆိုတော့လေ” ဟု ပြောသည်။
စစ်ကောင်စီဘက်က ဧပြီ တတိယပါတ်တွင်ဝင်ရောက်လာမည်ဖြစ်၍ လားရှိုးပြည်သူ့ဆေးရုံတွင်ဧပြီ ၅ ရက်နေ့မှ စတင်ပိတ်ထားသည်ဟု သတင်းများထွက်နေသော်လည်းဆေးရုံပိတ်ခြင်းမရှိဟုလည်း သတင်းရင်းမြစ်က ပြန်လည်ရှင်းပြသည်။
စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာမည်ကို ပြည်သူများ မလိုလားသည့်အပြင် MNDAA အနေဖြင့်လည်း ပြန်လည်ဆုတ်ခွာပေးခြင်းမပြုလုပ်သင့်ဟု လက်ရှိ လားရှိုးမြို့၌ နေထိုင်သူ အချို့က ပြောသည်။
အခြားတဖက်တွင် လားရှိုးမြို့ခံများက MNDAA
အနေဖြင့် မြို့၏ လက်ရှိအခြေအနေကို မြို့ခံပြည်သူများအား တိတိကျကျ ထုတ်ပြန်ပေးရန် လိုလား နေသည်။ စစ်ကောင်စီတပ်များမြို့သို့ပြန်ဝင်လာမည်ဟုသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသော်လည်း MNDAAကမူ ဧပြီ ၅ ရက်အထိ နှုတ်ဆိတ်နေဆဲဖြစ်သည်။
” ၁၀၂၇ ကလူထုထောက်ခံမှုနဲ့စခဲ့တာလေ။မြို့ခံတွေသေကြေပြီးဘဝတွေအပျက်ခံခဲ့ရတာ။အခုကြတော့ ဘာမှမထုတ်ပြန်ဘူး၊ဘာမှ ရှင်းမပြဘူး။ တော်လှန်ရေးကို အသည်းမခွဲပါနဲ့”ဟု လားရှိုးမြို့မှပြည်သူတစ်ဦးကပြောသည်။
လက်ရှိထွက်ပေါ်နေသောသတင်းများတွင် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီကပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး MNDAA ဖွဲ့စည်းထားသော အထူးဒေသ (၁) အတွင်းပါ ဒေသများကို MNDAAက အုပ်
ချုပ်မည်ဟု ဆိုသည်။ သို့သော်အဆိုပါသတင်းကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသည့် အခြေ
အနေကြောင့် ဒေသခံများသည် စိုးရိမ်ထိန့်လန့် နေကြသည်။
“MNDAA ပြန်ဆုတ်မယ်ဆိုတာနဲ့ ဒေသခံတွေအ
ကုန် တိုင်ပတ်ပြီ။ စစ်တပ်က အခုထိ MNDAAကို အကြမ်းဖက်အနေနဲ့ ကြေညာထားတာ။ မြို့မှာ စားဝတ်နေရေးအတွက် MNDAAဆီအခွန်ဆောင်ထားရသူတွေ အကြမ်းဖက်ပုဒ်မနဲ့ အစွဲခံရမှာလား” ဟု မြို့ခံတစ်ဦးကမေးခွန်းထုတ်သည်။
ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်ကမူ လားရှိူးမြိုအခြေအနေသည်ပိုမိုရှုပ်ထွေးလာနိုင်ပြီး နောက်
ထပ်အချိန်မရွေး စစ်ဖြစ်လာနိုင်သည်ဟု သုံးသပ်သည်။
“လက်နက်တွေ ကိုင်ထားတာလေ။ ပုတီးတွေကိုင်ထားတာမှမဟုတ်တာ။စစ်တပ်ကမြို့ပေါ်ကွက်ကွက်ကလေးအုပ်ချုပ်မယ်လို့ထင်နေလား။ သူက ပြင်ဆင်ပြီးတာနဲ့ ရှမ်းမြောက်တစ်ခုလုံး ပြန်ယူဖို့ လုပ်မှာ” ဟုအထက်ပါစစ်ရေးရင်းမြစ်ကသုံးသပ်သည်။
လက်ရှိအခြေအနေကို MNDAAက နှုတ်ဆိတ်နေသလို မဟာမိတ်ညီနောင်ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အာရက္ခတပ်တော် AAကလည်း တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။
ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း MNDAA လားရှိုးက ဆုတ်ခွာရပါက စစ်ကောင်စီက တအာင်းတပ်မတော်(TNLA)ကို စစ်ရေးအရ ဆက်လက် ဖိအားပေးလာလိမ့်မည်ဟုခန့်မှန်းပြောကြားသည်။ လက်ရှိတွင်လည်း TNLA အနေဖြင့် စစ်ကောင်စီ၏ ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကို ပြင်းပြင်းထန်
ထန် ခုခံကာကွယ်နေရသည်ဟုလည်း ၎င်းက ဆို
သည်။
“လားရှိုးကနေ ကိုးကန့်တပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီဆိုတာနဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက မရမက ပြင်းပြင်းထန်ထန် စစ်ဆင်ရေးတွေ စတင်လာနိုင်ပါတယ်။နောင်ချိုမြို့ကို စစ်ကောင်စီကနေ ပြန်
လည်ထိန်းချုပ်လာနိုင်ခဲ့သည့် ရှိခဲ့သော် သီပေါ ကျောက်မဲလည်း အခြေအနေတော့ သိပ်တော့ မဟန်ဘူး”ဟု ဦးဇော်ဆန်ကသူ၏အမြင်ကို ပြော
သည်။
ထို့ကြောင့် ကိုးကန့်တပ်ဖွဲ့ လားရှိုးက ဆုတ်ခွာရပါက ရှမ်းမြောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံ
ရေးအင်အားစုများအပေါ် သက်ရောက်မှုကြီးများစွာရှိလာမည်ဟု ဦးဇော်ဆန်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ဧပြီ ၂၂ရက်နေ့အထိ အပစ်ရပ်ကြေညာထားသော်လည်းTNLA နယ်မြေ
နောင်ချိုမြို့နယ်ကိုလေကြောင်း ၊ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ၊ မြေပြင်မှ စစ်အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ TNLA၊ MNDAA၊AA ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ငလျင်ကြီးကြောင့် ဧပြီတစ်လကို ယာယီအပစ်ရပ်ကြေညာထားသည့် အခြေအနေတွင် စစ်ကောင်စီဘက်က တိုက်ခိုက်မှုများ ဆက်လုပ်နေခြင်းဖြစ်သည်။
“စကစ အပစ်ရပ်ကြေညာတာကတော့ဗျာ သူက ကြေညာရုံ စာထုတ်ရုံပါပဲ။ မြေပြင်မှာက သိတဲ့အတိုင်းပဲ ဆက်တိုက်နေတာ ဆက်လုပ်နေတာပါပဲ။ ပြီးတော့ ဒီကောင်တွေရဲ့ စကားက ဘယ်တော့မှ ယုံကြည်ရတာ မဟုတ်ဘူးပေါ့။” ဟု MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
